စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ် ၃ ဦး၊ ဗိုလ်မှူးချုပ် ၁၄ ဦးနှင့် ဗိုလ်မှူးကြီး ၄၄ ဦး အပါအဝင် စစ်အရာရှိ စုစုပေါင်း ၆၁ ဦးအား ဇူလိုင်လ နောက်ဆုံးပတ်တွင် စစ်တပ်မှ အငြိမ်းစားပေးလိုက်ကြောင်း နေပြည်တော်ရှိ ဧရာဝတီသတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။
စစ်ကောင်စီက အနားပေးလိုက်သည့် ဗိုလ်ချုပ် ၃ ဦးမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင် ဗိုလ်ချုပ် တောက်ထွန်းနှင့် ဗိုလ်ချုပ် တင်မောင်ဝင်းတို့ဖြစ်ပြီး အနားပေးခံရသည့် ဗိုလ်မှူးချုပ်များ ထဲတွင် ဗိုလ်မှူးချုပ် တင်စန်းနိုင်၊ ဗိုလ်မှူးချုပ် ခင်မောင်အေးနှင့် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးတို့လည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အနားပေးခံရသည့် ၆၆ ဦးထဲတွင် NLD အစိုးရလက်ထက်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်သည်ဟု ဧရာဝတီသတင်းရင်းမြစ်က ဆိုသည်။
အငြိမ်းစားပေးခံရသော စစ်ဗိုလ်ချုပ်များအား ကြံခိုင်ရေးပါတီဝင်ရန် အဆိုပြုခိုင်းသော်လည်း အနည်းငယ်သော ပမာဏသာ ကြံခိုင်ရေးပါတီသို့ဝင်မည်ဟု အဆိုပြုကြပြီး အများစုမှာ ကြံခိုင်ရေးပါတီ မဝင်ဟု ငြင်းဆန်ခဲ့ကြောင်း သိရသည်။
နေပြည်တော် ဧရာဝတီသတင်းရင်းမြစ်က “ လိုတမျိုး မလိုတမျိုးလုပ်တာပေါ့။ ကကနကောင်စီ (ကာကွယ်ရေးဝန်ကြီးဌာန ကောင်စီ) အမိန့်အရ လုပ်သက်ပြည့်လို့ အနားပေးတယ်ဆိုရင်လည်း လုပ်သက်ပြည့်တဲ့သူတိုင်းကို အနားပေးရမှာ၊ ၆၂ နှစ် ပြည့် လို့ ပင်စင်ပေးမယ်ဆိုရင်လည်း ပြည့်တဲ့သူတိုင်းကို ပေးရမှာ။ အခုက အဲဒီလို မဟုတ်ဘူး၊ ပေးချင်တဲ့လူ ပေးနေတာ ” ဟု ဆိုသည်။
စစ်ခေါင်းဆောင်အနေဖြင့် ၎င်းနှစ်သက်သောဒုတိယဗိုလ်ချုပ်ကြီးအချို့နှင့် ဗိုလ်ချုပ်အချို့အား အသက် ၆၂ နှစ် ပြည့်နေပြီ ဖြစ်သော်လည်း စစ်တပ်က အငြိမ်းစား မယူခိုင်းဘဲ ယူနီဖေါင်းဝတ်၍ အလုပ်တာဝန် ဆက်လက် ပေးထားသူများလည်း ရှိသည်။ အငြိမ်းစားပေးခံရသော စစ်ဗိုလ်ချုပ်များအား ဝန်ထမ်းအိမ်ရာမှ ချက်ခြင်းဆိုသလို ဖယ်ရှားခံရကြောင်းလည်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ကလည်း တနင်္သာရီတိုင်းအခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးနေကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် စစ်ဖက်တာဝန် ထမ်းဆောင်နေသော ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်တိုင်းမှူးတို့အပါအဝင် စစ်တပ်က အရာရှိကြီး များအား အနားပေးခြင်း၊ အရပ်ဘက်သို့ ပြောင်းလဲတာဝန်ပေးခြင်းများ မကြာခဏ ပြုလုပ်လျှက်ရှိသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup