ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လက်ခတ်တောင် တာဝါတိုင်တောင်ကုန်းစခန်း ပြန်လည်ရရှိရေး ထိုးစစ်ဆင် လာသည့် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်များကြား တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး က ပြောသည်။
၎င်းက “အခု လက်ခတ်တောင်ဘက်က စစ်ရေးအခြေအနေကတော့ တိုက်ပွဲပြင်းထန်နေတယ်ဆိုတာ နေ့စဉ် ကြား သိနေရပါတယ်။ ဒီနေ့မှာလည်း လက်ခတ်တောင်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စကစဘက်က ကြိုးစားမှုတွေ၊ တပ်အင်အားလည်း တော်တော်များများ အသုံးပြုထားတာ ကျနော်တို့ သိရှိရတယ်။ သို့သော် အင်အား အတိအကျ တော့ ခန့်မှန်းဖို့ နည်းနည်းခက်ပါတယ်။ တပ်မ ၄၄ အပါအဝင် ဒေသခံတပ်တွေကိုလည်း အသုံးပြုသလို၊ ဒေသခံ BGF တွေလည်း အသုံးပြုနေတယ်လို့ ကျနော်တို့ ကြားရတယ်။ တိုက်လေယာဉ်နဲ့လည်း လာရောက် ပစ်ခတ်တာ ရှိပါ တယ်။ အဲဒါကြောင့် လက်ခတ်တောင်ရဲ့ အခြေအနေက တိုက်ပွဲ ပိုမိုပြင်းထန်လာဖို့တော့ ရှိပါတယ်” ဟု ဆိုသည်။
လက်ခတ်တောင်ကုန်းစခန်း သိမ်းပိုက်ရရှိပြီးနောက် သြဂုတ်လ ၁၃ ရက်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုပေါင်း ၁၀ ကြိမ် နှင့်အထက် ရှိခဲ့ပြီး၊ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး၂ ဦး အပါအဝင် ၁၇ ဦး သေဆုံးကာ ၃၄ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့မှ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ယင်းလက်ခတ်တောင်သည် မြဝတီ- မဲဆောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် မနီးမဝေး၌ တည်ရှိပြီး စစ် ကောင်စီအတွက် အရေးပါသည့်စခန်းတခုဖြစ်သဖြင့် ယခုကဲ့သို့ ထိုးစစ်ဆင်နေခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။
အဆိုပါ စခန်းကုန်းအား စစ်ကောင်စီတပ်သည် ဇူလိုင်၂၁ ရက်ကစတင်၍ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ရက်ပေါင်း ၂၅ ရက် ကျော်လာသည့်တိုင်အောင် စခန်းကိုမရသေးဘဲ တိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေခြင်း ဖြစ်ကြောင်း KNU ထံက သိရ သည်။