စစ်ကောင်စီ၏ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင် အပါအဝင် ရဲအရာရှိ ၃ ဦးကို မကြာသေးမီ ရက်ပိုင်း အတွင်းက အနားပေးခံရကာ နေပြည်တော်၌ ခေါ်ယူစစ်ဆေးနေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သတင်း ရရှိသည်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်ကို ရာထူးမှဖယ်ရှားကာ နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေပြီး၊ နိုင်ငံဖြတ် ကျော် မှုခင်းဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်နှင့် အမြန်လမ်း ရဲတပ်ဖွဲ့မှူးနှင့် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး တာဝန်ယူခဲ့ သူ ရဲမှူးကြီး ဉာဏ်မြင့်ကျော် တို့အားလည်း ရာထူးမှာ ဖယ်ရှား၍ စစ်ဆေးခံနေရကြောင်း သတင်းရရှိသည်။
အမည်မဖော်လိုသည့် ရဲအရာရှိတဦးက “ရဲမှူးချုပ် အောင်ဌေးမြင့်နဲ့ ဉာဏ်မြင့်ကျော် (ရဲမှူးကြီး) တို့က ပြုတ်သွားပြီ လို့ကို ပြောလို့ရတယ်။ အခု နေအိမ် အကျယ်ချုပ် ချထားတယ်” ဟု ပြောသည်။
အဆိုပါ ရဲအရာကြီး ၃ ဦးအား သတင်းပေါက်ကြားမှု၊ လာဘ်စားမှုများဖြင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်ဟု ဧရာဝတီ သတင်းရင်းမြစ်များထံက သိရသည်။
ရာထူးမှ ဖယ်ရှားခံလိုက်ရသော မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်နေရာတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး တာ ဝန်ယူခဲ့ဖူးသူ ရဲမှူးချုပ် သက်နိုင်အား ပြောင်းလဲခန့်အပ်ရန် စီစဉ်နေကြောင်းလည်း ဧရာဝတီ သတင်းရင်းမြစ်များက ဆို သည်။
စစ်တပ်က အာဏာသိမ်းပြီး၂ နှစ်ခွဲအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်၂ ဦးကို အနားပေးခဲ့ပြီး၊ မကြာသေးခင်က ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်အား အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ လက်ရှိတွင် ကျန်းမာရေး မကောင်းသည့်အတွက် ရုံးမတက်နိုင်ဘဲ နေအိမ်၌ နေထိုင်နေကြောင်း သတင်း ရရှိသလို၊ ၎င်းအား လျှို့ဝှက်အစည်းအဝေးမှတ်တမ်း ပေါက်ကြားမှု၊ လာဘ်ပေးလာဘ်ယူကိစ္စရပ်များနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခံနေရကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။