စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ခြေတော်ရာကျေးရွာအနီး မြင်းမူ-မြောင်လမ်းခွဲတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ် မှုကြောင့် ပြည်သူ ၃ ဦးနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၂၂ ရက်၊ ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်သည် ကြော့မင်းရွာသို့ စစ်ကြောင်း ထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရာမှ ထိပ်တိုက်တိုးကာ ထိုသို့ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ် ဖွဲ့ဝင်တဦးက ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ကြော့မင်းကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ၁၇ ဦး၊ မြောင်တပ်ရင်း တပ်ခွဲ (၅) မှ တပ်ဖွဲ့ဝင် ၅ ဦးနှင့် ကြော့မင်းဒေသခံ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အဲဒီရွာတွေက လုံခြုံမှုမရှိတဲ့ရွာတွေ။ စစ်ကြောင်းကဝင်တော့ ကင်းထောက် အားနည်းတာလည်းပါတယ်။ စစ်ကြောင်း တခြားတဖက်မှာလှုပ်ပြပြီး နောက်တကြောင်းနဲ့ဝင်တော့ ပြန်ထွက်ချိန်မရ တော့ဘဲ အခုလိုဖြစ်တာ။ အရပ်သားပြည်သူ ဓားစာခံအဖြစ် ဖမ်းထားတာ ၂၀ ဦး ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းတွင် အင်အားမည်မျှပါသည်နှင့် မည်သည့်တပ်ရင်းဖြစ်သည်ကိုမူ မသိ ရကြောင်း၊ ယင်းစစ်ကြောင်းသည် ယနေ့ နေ့လယ်တွင် မြောင်မြို့နယ်သို့ ဝင်ရောက်သွားပြီဖြစ်ပြီး သေဆုံးသွားသူများ ကိုလည်း မိသားစုဝင်များက နေ့လယ် ၃ နာရီ၌ မီးသဂြိုဟ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အသေးစိတ်နှင့် သေဆုံးသူများ၏ အသက်အရွယ်၊ အမည်စာရင်းများကို ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ ယနေ့နံနက်၌ မြင်းမူမြို့၊ ခြေတော်ရွာ အနီး လုံခြုံရေးဆောင်ရွက်နေစဉ် မြင်းမူ-မြောင်ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ် ၁ စီးနှင့် ဆိုင် ကယ်မီးရောင်များ တွေ့ရှိရသဖြင့် ကင်းပုန်းဝပ်ပြီးစောင့်ဆိုင်းနေစဉ် ၎င်းတို့မှာ PDF များ ဖြစ်သည့်အတွက် ပစ်ခတ် ချေမှုန်းခဲ့ရာ ရုပ်အလောင်း ၁၅ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေးသားထားသည်။