စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုတောင်ရွာမရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ဆောင်အနီး ကျရောက်ပြီး ထိခိုက်ဒဏ်ရာရခဲ့သည့် ကလေးငယ် ၂၁ ဦးအနက် ၇ ဦးမှာ အရေးပေါ်ကုသမှုခံယူရန် လိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဝန်းသို့မြို့ အခြေစိုက် တပ်မ ၃၃ လက် အောက်ခံ ခြေမြန်တပ်ရင်း-၁၂၀တပ်မှ စက်တင်ဘာ ၂၇ ရက်နေ့တွင် မြေပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ၁၀ မိုင်ခန့်ကွာဝေးသည့် ဂျိုးတောင်ရွာမရာသို့ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်ဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ကိုယ်ထူကိုယ်ထ ပညာသင်ကြားနေသည့် စာသင်ဆောင်အနီး ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ပေါက်ကွဲမှုကြောင့် စာသင်ကြားနေသည့် ကလေးငယ်အချို့၏ ဦးခေါင်း၊ ခြေလက်နှင့်ကျောတို့တွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည့်အပြင် အချို့သောကလေးငယ်များနှင့် ဆရာမတဦးမှာလည်း ရှပ်ထိဒဏ်ရာနှင့် အပူလောင်ဒဏ်ရာများ ရရှိခဲ့ကြကြောင်းလည်း သိရသည်။
ဂျိုတောင်ရွာမကျောင်းတာဝန်ခံ ဆရာမဒေါ်မြမြက “ ကျောင်းမကြီးရဲ့ မြောက်ဘက်ခြမ်းက ထမင်းစားရုံမှာဖြစ်တာ၊ ကလေးတွေက သွေးသံရဲရဲနဲ့ ကျောင်းမကြီးဘက်ကို ပြေးလာခဲ့ကြတယ်၊ သူတို့ကျောင်းဆောင်အောက်ထဲ ရောက်လာခဲ့ကြတယ်။ အကုန်လုံးက ရုန်းရင်းဆန်ခတ်နဲ့ တကယ့်ငရဲခန်းကို ကျရောက်နေသလိုပါပဲ” ဟု လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့် အခြေအနေအား ပြောသည်။
ထိခိုက်ဒဏ်ရာရခဲ့ကြသည့်ကလေးငယ်များမှာ အသက် ၇ နှစ် မှ၁၄ နှစ်အတွင်းကလေးငယ်များဖြစ်ကြပြီး လက်ရှိတွင် ဝန်းသိုမြို့နယ်အတွင်း မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများက ကုသပေးလျက်ရှိကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် လက်နက်ကိုင်ပဋိပက္ခနှင့် သက်ဆိုင်ခြင်းမရှိသည့် စာသင်ကျောင်းများနှင့် ကလေးငယ်များအား ထိခိုက်သေဆုံးစေသည့် တိုက်ခိုက်မှုများအား ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုတင်မကဘဲ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများအား ကျူးလွန်နေခြင်းဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
၎င်းက “ ဒီကလေးငယ်တွေက ဘယ်လိုမှ လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်တဲ့သူတွေ မဟုတ်ပါဘူး၊ စာသင်ခန်းဟာ သွေးစွန်းခဲ့ရပါတယ်၊ ကလေးတွေရဲ့ ထိုခိုက်ဒဏ်ရာတွေကထွက်တဲ့ သွေးတွေနဲ့ပြည့်သွားတဲ့ စာသင်ခန်းရဲ့ အခြေအနေက အခုလို ရက်စက်ယုတ်မာစွာ ပစ်ခတ်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာတဲ့ သက်သေပဲဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် စာသင်ကျောင်းသွားရမည်ကို ကြောက်လန့်နေကြကြောင်း ကလေးငယ်များအား ကုသပေးနေသည့် ကျန်းမာရေးဆရာမ မဝင်းဝင်းကပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးရသူကလေးငယ် ၄၉၁ ဦး အထိရှိနေပြီး ဖျက်ဆီးခံခဲ့ရသည့် စာသင်ကျောင်းပေါင်း ၁၁၉ ကျောင်းရှိကြောင်း NUG ဘက်က ထုတ်ပြန်ထားသည်။
တိုက်ပွဲများအတွင်း ကလေးသူငယ်များအား ထိခိုက်သေဆုံးစေသည့်ဖြစ်စဉ်များမှာ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် စစ်လက်နက် အကြွင်းအကျန်များ ပေါက်ကွဲမှုကြောင့် သေဆုံးရခြင်းစသည်တို့ ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ဝန်းသိုမြို့နယ်၊ တောင်ဘို့လှကျေးရွာတွင် မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် RPG ကျည်ဖူးကို ကလေးငယ်များတွေ့ရှိ၍ ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်တဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup