ပြီးခဲ့သော ဇူလိုင်လလယ်က ဖမ်းဆီးစစ်ဆေးခံနေရသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အား စစ်ခုံရုံးမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံက သိရသည်။
ဖားကန့်ဒေသရှိ ကျောက်တွင်းများတူးဖော်ရာတွင် အသုံးပြုသည်ယမ်းများ ရောင်းချခြင်း၊ တားမြစ်ထားသောနေရာများ၌ ငွေကြေးရယူ၍ ကျောက်မျက်နှင့် ရွှေတူးဖော်ခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ ကချင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ်ကိုကိုလွင်၊ တပ်မ ( ၈၈ ) တပ်မမှူး ဗိုလ်မှူးကြီး စိုးထွဋ်၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် တပ်မှူးအချို့အား ဇူလိုင်လလယ်တွင် နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့သည်။
ထို့ကဲ့သို့ခေါ်ယူစစ်ဆေးပြီး နှစ်ပတ်ခန့်အကြာ တိုင်းမှူး၊ တပ်မမှူးနှင့်နယ်လုံဝန်ကြီးတို့အား ရာထူးမှ အနားပေးခဲ့သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နှင့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စသည့် စစ်တိုင်း ၃ တိုင်းကို ကွပ်ကဲရသည့် အမှတ် ( ၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးတေဇကျော်အား ခေါ်ယူစစ်ဆေးခဲ့ပြီး ကစထမှူးရာထူးမှ အနားပေးခဲ့သည်။
နေပြည်တော်ရှိ ဧရာဝတီသတင်းရင်းမြစ်တဦးက “ ပြီးခဲ့တဲ့ ၃ ရက်လောက်က အမိန့်ချတာ၊ ကစထမှူး (စစ်ဆင်ရေး အထူးအဖွဲ့မှူး )တော့ မပါသေးဘူး” ဟု ဆိုသည်။
ဒုဗိုလ်ချုပ်ကြီးတေဇကျော်သည် စစ်ခေါင်းဆောင် ယုံကြည်ရသော ပုဂ္ဂိုလ်တဦးဖြစ်ပြီး စစ်ခေါင်းဆောင်၏ လျှို့ဝှက် ခရီးစဉ်များတွင် လိုက်ပါရသူဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရသော ဗိုလ်ချုပ်ကိုကိုမောင်သည် မွန်ပြည်နယ်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှ ၂၀၂၂ ခုနှစ် သြဂုတ်လလလယ်ပိုင်းတွင် မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
တိုင်းမှူးတဦးအား ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ CDM တပ်မတော်အရာရှိတဦးက “ မအလအနေနဲ့ သူသာအဂတိကင်းတယ်ဆိုတာပြသဖို့ အောက်ခြေကိုရသမျှ ထိုးကျွေးနေတာ ပေါ်လွင်ပါတယ်” ဟုမှတ်ချက်ပြုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီအဖွဲ့ဝင်ဟောင်းတဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးတို့ကို အကျင့်ပျက်ခြစားမှုများကြောင့် နှစ် ၂၀ နှင့် ညီမျှသည့် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့သေးသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup