ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၆ နယ်မြေ ကော့ကရိတ်မြို့နယ်အနီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား အောက်တိုဘာ ၂၄ ရက်က ဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၂၀၇ မှ တပ်ရင်းမှူးတဦး သေဆုံးခဲ့ကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။
ကော့ကရိတ်မြို့အနီး တတန်ကူးကျေးရွာမှ စစ်ကြောင်းထိုးလာသော တပ်မ-၄၄ လက်အောက်ခံ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခမရ-၂၀၇ မှ တပ်ရင်းမှူး ဗိုလ်မှူး ငြိမ်းချမ်းကိုကိုသည် KNLA လက်ဖြောင့်တပ်သား၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
တပ်ရင်းမှူး ဗိုလ်မှူး ငြိမ်းချမ်းကိုကိုသည် စစ်တက္ကသိုလ်အပတ်စဉ်-၄၇ (DSA-47) ကျောင်းဆင်းတဦးဖြစ်ပြီး မကြာသေးခင် ကမှ တပ်ရင်းမှူး ဖြစ်လာခဲ့သူ ဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာသဖြင့် ယမန်နေ့ နေ့လယ်ပိုင်း၌ လေယာဉ်ဖြင့် လာရောက်ပစ်ခဲ့သောကြောင့် ဒေသခံရွာသားများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးများ မကြာခဏ သေဆုံးနေသလို အချို့တပ်ရင်းမှူးများမှာလည်း အမိန့်မနာခံသဖြင့် ဖမ်းဆီးထောင်ချခံရခြင်းများ ရှိနေသည်။