အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား အောက်တိုဘာ ၂၈ ရက်နေ့က မိသားစုထောင်ဝင်စာတွေ့ခွင့်ပေးခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
တောင်ငူထောင်တွင် အကျဉ်းချခံထားရသည့် ဦးဝင်းမြင့်အား ဇနီးဖြစ်သူ ဒေါ်ချိုချိုနှင့် သမီးဖြစ်သူတို့က သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေကို မသိရကြောင်းလည်း ၎င်းကပြောသည်။
ထိုတွေ့ဆုံမှုသည် ယခုနှစ်စပိုင်းကတည်းက တောင်ငူထောင်သို့ ပြောင်းရွှေ့အကျဉ်းခံရပြီးနောက် မိသားစုနှင့် ဒုတိယအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထမပတ်ခန့်ကလည်း ဦးဝင်းမြင့်အနေဖြင့် ထောင်ဝင်စာလာပို့သည့် သမီးဖြစ်သူနှင့် ခဏတာ တွေ့ခွင့်ရခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းမှုတွင် သမ္မတရာထူးမှနုတ်ထွက်ရန် ဖိအားပေးမှုအား ငြင်းဆန်ခဲ့သည့် သမ္မတဦးဝင်းမြင့်သည် ပုဒ်မ ၈ ခုဖြင့် စစ်ကောင်စီ၏ စွပ်စွဲတရားစွဲဆိုခြင်းခံရပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရသည်။
ထိုစွပ်စွဲထောင်ချထားသည့် ပုဒ်မများထဲမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မများဖြင့် တရားစွဲထောင်ချထားသည့် ထောင်ဒဏ် လေးနှစ်အား ပြစ်ဒဏ်လျော့ပေးကြောင်း ပြီးခဲ့သည့် ဩဂုတ်၁ ရက် နေ့တွင် စစ်ကောင်စီက ကြေညာထားသည်။
သမ္မတဦးဝင်းမြင့်ကဲ့သို့ပင် အာဏာသိမ်းကတည်းက ဖမ်းဆီးခံရပြီး စစ်ကောင်စီစွပ်စွဲသည့် ပုဒ်မ ၁၉ ခုဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဝင်စာ တွေ့ခွင့်ရရေး ရှေ့နေအဖွဲ့က ယမန်နေ့တွင် ထပ်မံစာတင်ပြခဲ့ကြောင်း၊ ယင်းတင်ပြမှုနှင့် ပတ်သက်ပြီး ယနေ့မွန်းလွဲပိုင်းအထိ တစုံတရာ အကြောင်းပြန်မှု မရှိသေးကြောင်း နီးစပ်သူတဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အချုပ်ထောင်၌ အကျဉ်းချခံထားရပြီး ၎င်း၏အမှုများထဲမှ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် ပို့ကုန်သွင်းကုန်ဥပဒေများဖြင့် စွပ်စွဲထောင်ချထားသည့် ထောင်ဒဏ် ၆ နှစ်အား လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့တွင် စစ်ကောင်စီက ကြေညာထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup