စစ်ရေးအရှိန်မြင့်တက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် ထိုင်းနိုင်ငံသား ၂၀၀ နီးပါး အပါအဝင် နိုင်ငံခြားသားငါးရာခန့်သည် အာဏာသိမ်း စစ်တပ်၏ ရှေ့တန်းစစ်တပ်စခန်းတွင် ထိန်းသိမ်းခံထားရပြီး လူသားဒိုင်း လုပ်ခံထားရကြောင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လူကုန်ကူးခံရသူများအား ကူညီပေးနေသူတဦးက ပြောသည်။
စစ်တပ်စခန်းအတွင်း ထိန်းသိမ်းခံထားရသူများထဲတွင် ထိုင်းနိုင်ငံသား ၁၈၉ ဦးပါဝင်ပြီး နီပေါ၊ အီသီယိုးပီးယားနှင့် လာအိုနိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။
၎င်းတို့လွတ်မြောက်ရေးကြိုးပမ်းနေသူတဦးက “အဖမ်းခံရတယ်ဆိုတာထက် စစ်ကောင်စီ ထိန်းသိမ်းထားတယ်လို့ ပြောရမှာပါ၊ လက်ရှိအခြေအနေမှာ။ သူတို့ကို ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)ကနေ ထုတ်လာပြီးမှ စစ်တပ်ထဲကို ပို့ထားတာ၊ သူတို့ကို ဘန်ကာ၊ ကတုတ်ကျင်း တူးခိုင်းတာတို့၊ သစ်လုံးတွေ ထမ်းခိုင်းတာတို့ပေါ့လေ။ အဲဒီရှေ့တန်း မျက်နှာပြင်မှာ လူသားဒိုင်းပုံစံမျိုးနဲ့ထား ထားတာမျိုး” ဟု ပြောသည်။
လက်ရှိစစ်တပ်စခန်းတွင် ထိန်းသိမ်းခံထားရသူများမှာ မကြာသေးမီက အွန်လိုင်းငွေလိမ်ဂိုဏ်းများထံမှ ပြန်လည် ကယ်ထုတ်ခံထားရသူများဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့မှ သက်ဆိုင်ရာနိုင်ငံများထံ ပြန်လည်လွှဲပြောင်းခြင်းမရှိဘဲ ယခုကဲ့သို့ စစ်တပ်အတွင်းသို့ ပို့ဆောင်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများအတွင်း လုပ်ကိုင်ခဲ့ရစဉ်တုန်းကလည်း ကျင်စက်များ ဖြင့် တို့ခံရခြင်း အပါအဝင် ညှဉ်းပမ်းနှိပ်စက်မှုမျိုးစုံ ကြုံတွေ့ခဲ့ရသလို အမျိုးသမီးအချို့မှာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ကူညီနေသူများကပြောသည်။
စစ်ကောင်စီအနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများထံမှ ကယ်ထုတ်ထားသည်ဆိုပါက ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံ (သို့မဟုတ်) နီးစပ်သည့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ်သော်လည်း လုံခြုံမှုမရှိသည့် ရှေ့တန်းစခန်းများတွင် ထားရှိ ထိန်းသိမ်းထားသည့်အတွက် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ၎င်းတို့ကပြောသည်။
၎င်းတို့လွတ်မြောက်ရေးကူညီနေသူတဦးက “လုံခြုံတဲ့နေရာမျိုးမှာ မဟုတ်ဘဲနဲ့ စစ်တပ်ရဲ့ တကယ့်တိုက်ပွဲဖြစ်မယ့်နေရာမှာ၊ မဟာမိတ်အဖွဲ့က အချိန်မရွေး လောက်ကိုင်ကိုလည်း ဝင်တိုက်နိုင်တယ်၊ ဝင်တိုက်ရင် ဒီကလေးတွေက ကြားထဲမှာရှိနေမှာ။ မဟာမိတ်ကသာ တိုက်လို့ တစုံတခုဖြစ်သွားရင် စစ်ကောင်စီက ကမ္ဘာကြီးကိုချပြချင်တာပေါ့လေ၊ တခြားနိုင်ငံသားကို မဟာမိတ်အဖွဲ့က ချသွားပါတယ်၊ ကျနော်တို့ မဟုတ်ပါဘူးဆိုတာ အသုံးပြုချင်လို့ တခြားနိုင်ငံသားတွေကို ရှေ့တန်းစစ်မျက်နှာပြင်မှာ ထားတာ၊ ဒါတွေလုပ်တယ်ဆိုတာ ပေါ်တာဆွဲတာနဲ့ အတူတူပဲ” ဟု သုံးသပ်သည်။
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ရှိ ကျားဖြန့်လုပ်ငန်းများ၌ အတင်းအဓမ္မခိုင်းစေခံရသော ထိုင်းနိုင်ငံသား ၁၂၀ ဦးကို ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက် ညပိုင်းက လောက်ကိုင်မြို့အတွင်းမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနတွင် အောက်တိုဘာ ၂၂ ရက်နေ့က ဖော်ပြခဲ့သည်။
လက်ရှိတွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် စစ်ကောင်စီအား ထိုးစစ်ကြေညာပြီး ကိုးကန့်ဒေသတွင်း စစ်ဆင်ရေး လုပ်ဆောင်နေသည်မှာ ၆ ရက်ရှိလာပြီဖြစ်ပြီး မုံးကိုးဒေသတဝိုက်နှင့် ချင်းရွှေဟော်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ထားသည်။
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ရာ လောက်ကိုင်မြို့သည် မုံးကိုးနှင့် ချင်းရွှေဟော်မြို့ အကြားတွင် တည်ရှိသည်။ လက်ရှိတွင်လည်း လောက်ကိုင်မြို့အနီးပတ်ဝန်းကျင်၌ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။
စစ်ကောင်စီလက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်နှင့်ပြည်သူ့စစ်များ စိုးမိုးထားသည့် လောက်ကိုင်မြို့သည် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အခြေစိုက်နေရာတခုဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ ဖိအားပေးလာချိန်တွင် မြို့ပေါ်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းများအား ဖမ်းဆီးခြင်းရှိလာပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးထားသူ ရာနှင့်ချီ ရှိနေပြီဖြစ်သည်။
You may also like these stories:
“ဝ”ဒေသရှိ တရုတ်ကုမ္ပဏီများထံ လူကုန်ကူးခံရသူများ ထပ်မံ ရောင်းစားမည်ဟု ခြိမ်းခြောက်ခံရ
တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ
တရုတ်ရာဇဝတ်ဂိုဏ်းတွေကို စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား
“ဝ” ဒေသရှိ အွန်လိုင်းလိမ်လည်နေသူ ၁၀၀၀ ကျော်ကို တရုတ်ရဲလက်အပ်
အွန်လိုင်းလောင်းကစားမှုဖြင့် ဖမ်းထားသူနှစ်ဦးအား တရုတ်ထံ စစ်ကောင်စီ လွှဲပြောင်း