ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ လောင်းကစားလုပ်ငန်းများနှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံထားရ သည့် ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ပြန်လည်ခေါ်ဆောင်ရန် ထိုင်းဒုရဲမှူးချုပ် Pol Gen Surachate Hakparn က ယနေ့ ရန်ကုန်မြို့သို့ သွားမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ရေးသားထားသည်။
အဆိုပါ ထိုင်းနိုင်ငံသား ၁၆၂ ဦးသည် ကိုးကန့်ဒေသ လောက်ကိုင်မြို့ရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ တရားမဝင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၌ လုပ်ကိုင်နေသူများဖြစ်ကြောင်းလည်း ဘန်ကောက်ပိုစ့်က ဖော်ပြထားသည်။
အဆိုပါ ထိုင်းနိုင်ငံသားများအား နေရပ်သို့ပြန်လည်ခေါ်ဆောင်ရေးအတွက် ထိုင်းဒုရဲမှူးချုပ်နှင့် မြန်မာအာဏာပိုင်တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်းတို့ကို ထိန်းသိမ်းထားသောနေရာသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ထိုင်းရဲချုပ်က အဆိုပါ ထိုင်းနိုင်ငံသားတချို့သည် လူကုန်ကူးမှု၏ သားကောင်များဖြစ်ကြသလို အချို့မှာ ဖုန်းလိမ်လည် ခေါ်ဆိုရေး အော်ပရေတာများအဖြစ် အလုပ် လုပ်ကိုင်ရန်အတွက် ဖျားယောင်း ခံခဲ့ရသည်ဟုလည်း ပြောဆိုသည်။
လက်ရှိ ရှမ်းမြောက်တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ၎င်းတို့ကို တရုတ်နိုင်ငံ ကူမင်းနယ်စပ်မှ ဖြတ်၍ ပို့ဆောင်နိုင်သည်ဟု ထိုင်းဒုရဲမှူးချုပ်က ဆိုသည်။
ယခု နိုဝင်ဘာ ၄ ရက်က လိမ်လည်ခံရသည့်ထိုင်းနိုင်ငံသား ၂၉ ဦးကို မြန်မာအာဏာပိုင်များက လောက်ကိုင်မြို့ရှိ ဟိုတယ်တခုမှ ရွှေ့ပြောင်းပေးခဲ့ပြီးနောက် ထပ်မံ၍ ထိုင်းနိုင်ငံသား ၁၃၃ ဦးကိုလည်း ချိတ်ဆက်ရွှေ့ပြောင်း ပေးခဲ့ ကြောင်း သိရသည်။
လတ်တလော ကိုးကန့်ဒေသ၌ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင် မဟာမိတ် ပူးပေါင်းတပ်များကြား တိုက်ပွဲ ပြင်းထန်လျက်ရှိကာ၊ လောက်ကိုင်မြို့တွင်ပါ တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်၍ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖျန့်) လုပ်ကိုင်သူများ၊ စစ်တပ်မှ ထိပ်ပိုင်းအရာရှိများ၊ တရုတ်သူဌေးများကို စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ကယ်ထုတ် ပေးနေကြောင်း ဒေသအခြေစိုက် သတင်းမီဒီယာများက ရေးသားထားသည်။