တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းအားလုံးကို စစ်ကောင်စီက ပိတ်လိုက်သဖြင့် သံတွဲမြို့နယ်၊ ငပလီကမ်းခြေတွင် ရောက်ရှိနေသည့် ခရီးသွားများ ပိတ်မိနေရာမှ ယနေ့တွင် တောင်ကုတ်လမ်းမှတဆင့် ပြန် ခွင့်ပြုနေကြောင်း ဒေသခံများထံက သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် စစ်ကောင်စီက ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များအားလုံးကို နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ ပိတ်လိုက်ခြင်းဖြစ်သည်။
ငပလီကမ်းခြေရှိ ဟိုတယ်လုပ်ငန်းရှင်တဦးက “ပိတ်မိနေတဲ့ ဧည့်သည်တွေကို စာရင်းကောက်ပြီးတော့ ထွေအုပ်ရုံးကို ပို့ပေးရမယ်၊ နာမည်၊ ကားနံပါတ်ကအစ အတိအကျနဲ့ ပေးလာတာတွေကို တောင်ကုတ်လမ်းဂိတ်ကနေ ခွင့်ပြုပေးမယ်တဲ့၊ ခရီးသည်တင်ကားတွေကိုတော့ ပေးမဆွဲဘူး၊ ကိုယ်ပိုင်ကားနဲ့ မဟုတ်တဲ့သူတွေကို လေယာဉ်နဲ့ ပြန်လို့ရအောင် စီစဉ်ပေးထားပါတယ်”ဟု ဧရာဝတီသို့ပြောသည်။
နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ မောင်တော၊ မင်းပြား စသည့်မြို့နယ်များရှိ စစ်ကောင်စီ တပ်စခန်းများကို AA တပ်ဖွဲ့ဝင်များက တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ ယင်းနေ့တွင်ပင် စစ်ကောင်စီက မြို့နယ်ချင်း၊ ရွာချင်းဆက် လမ်းကြောင်းများအားလုံးလည်း ပိတ်ပင်ထားသည့်အပြင် ရခိုင်ပြည်နယ်ဝင်ပေါက်များအားလုံးကို ပိတ်ထား၍ ငပလီကမ်းခြေသို့ လာရောက် အနားယူအပန်းဖြေကြသည့် ခရီးသွားဧည့်သည် ၅ထောင်ကျော်ခန့်ထိ မပြန်နိုင်ဘဲ ပိတ်မိနေကြောင်း ခရီးသွားဧည့်လမ်းညွှန်များနှင့် ဟိုတယ်တာဝန်ရှိသူများထံက သိရသည်။
ပိတ်နေသူများတွင် ပြည်တွင်းခရီးသွား အများဆုံးဖြစ်ကာ နိုင်ငံခြားခရီးသွားဧည့်သည် ရာဂဏန်းပါဝင်ပြီး အများစုမှာ ကားများဖြင့် အဓိက လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းတခုမှ တာဝန်ရှိသူတဦးကလည်း “အခုက ကုန်းလမ်းကို ပိတ်ထားပြီး လေယာဉ်နဲ့ဆိုရင်တော့ အသွားရော အပြန်ရော အဆင်ပြေပါတယ်၊ ငပလီမှာ လည်တာပတ်တာအတွက်လည်း ခွင့်ပြုပေးထားပါတယ်၊ ကျမတို့ဆီက စီစဉ်ထားတဲ့ခရီးစဉ်အတွက်လည်း ငွေတွေ ပြန်အမ်းပေးလိုက်ပါပြီ။ ကုန်လမ်းကနေ ကားနဲ့ ဝင်လို့မရတာပဲ ရှိပါတယ်၊ ငပလီခရီးစဉ်ကို ဖျက်သိမ်းတယ်ဆိုတာမျိုးတော့ မရှိသေးပါဘူး”ဟု ပြောသည်။
လက်ရှိတွင် ပိတ်မိနေသည့် ခရီးသွားများကို ဟိုတယ်ပိုင်ရှင်များက အခန်းခနှုန်းထားများကို ဈေးအသက်သာဆုံးဖြင့် ကူညီပေးထားကြသလို ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်ရန်အတွက်လည်း စီစဉ်ပေးနေလျက်ရှိ ကြောင်း သိရသည်။
ရန်ကုန်မြို့မှ ခရီးသွားတဦးက “ငပလီကို မရောက်ဖူးလို့ ပိတ်ရက်လေးမှာ မိသားစုလိုက် လာကြတာ၊ အခု ကာလမ်းတွေ ပိတ်လိုက်တော့ ဘယ်လို ပြန်ရမလဲ မသိတော့ဘူး၊ လိုင်းကားနဲ့လာတာဆိုတော့ လိုင်းကားနဲ့ပဲ ပြန်ဖို့ စီစဉ်ထားတာ၊ လေယာဉ်နဲ့ ပြန်ဖို့ဆိုရင် စရိတ်တွေက များတော့ မတတ်နိုင်ဘူးဖြစ်နေတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များအားလုံး ပိတ်လိုက်သဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေကြမည့် ခရီးစဉ်များ၊ ကြိုတင်မှာယူထားသည့် အခန်းများအားလုံးကို ဖျက်သိမ်းကာ ငွေပြန်အမ်းနေခြင်းများကို ပြုလုပ်နေရသည်ဟု ခရီးသွားအေဂျင်စီများ၊ ခရီးသွားလိုင်းကားများ၊ ဧည့်လမ်းညွှန်များနှင့် ဟိုတယ်များထံမှ သိရသည်။
ထို့ပြင်ရေလမ်း၊ ကုန်းလမ်းအားလုံး ပိတ်ခံထားရ၍ ရခိုင်ပြည်နယ်တွင်ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ကုန်ဈေးနှုန်း ကြီးမားမှုဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup