ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်၊ နမ့်ခမ်းတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ယနေ့မနက်ပိုင်း ၉ နာရီခန့်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ ရွှေလီရေးဗားကုန်ချိန်းဝင်းအတွင်းသို့ လက်နက်ကြီးကျ၍ ကုန်ကားများ မီး လောင်နေကြောင်း မူဆယ်ဒေသခံများနှင့် ကုန်သည်များထံမှ သိရသည်။
မူဆယ် နယ်စပ်ကုန်သည်တဦးက “အခုချိန်ထိ လောင်နေဆဲ။ ကားတွေက နီးနီးကပ်ကပ် ရပ်ထားတာများတော့ ကား တစီးနဲ့တစီး ကူးလွယ်တယ်။ ဒါက ကုန်ချိန်းတဲ့ကွင်းဆိုတော့ ကားက များတယ်။ တရုတ်နိုင်ငံဘက်က မှတ်ပုံတင် ထားတဲ့ ဒေသခေါ် တရုတ်ကားတွေ ရှိမယ်။ မြန်မာဘက်က ကားတွေလည်း ရှိတယ်။ အစီးရေတော့ သေချာ မသိနိုင် သေးဘူး။ စက်နှိုးလို့ရတဲ့ ကားတွေတော့ ရှောင်တယ်။ မရတဲ့ကားတွေတော့ ကျန်နေတယ်” ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် အစီးရေ ၁၀ စီးဝန်းကျင်ခန့် မီးလောင်လျက်ရှိပြီး ထိုဝင်းထဲ၌ ယာဉ်အစီးရေ ရာနှင့်ချီ ရှိသောကြောင့် အချိန်မီ မရွှေ့နိုင်ပါက ရာချီမီးလောင်ပျက်စီးမှုရှိနိုင်ကြောင်း ဒေသခံများနှင့်ကုန်သည်များထံက သိရသည်။
မူဆယ်မြို့ ဒေသခံတဦးက “ဒီနေ့ ကျင်စန်းကျော့ ကားကွင်းထဲကို လက်နက်ကြီးကျတော့ ကားတွေ မီးလောင်တယ်။ လူတွေ ထိတယ်။ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ပြည်သူ့ စစ်ထဲက ၁ ယောက် ကျတယ်။ ပစ်တာကတော့ နှစ်ဖက် လုံးက ပစ်နေတယ်။ စကစကတော့ ပြည်သူလူထုရှိတဲ့နေရာကိုလည်း ရမ်းပစ်နေတာမျိုးရှိတော့ အခုကျတာကတော့ ဘယ်သူပစ်တယ်ဆိုတာ မပြောနိုင်သေးဘူး။ တိုက်ပွဲကတော့ မနေ့ညထဲက ဖြစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်၏ ၁၀၅ မိုင် ဗျူဟာကုန်းက ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများပြောဆို သည်ဟု ဒေသအခြေစိုက်မီဒီယာများတွင် ရေးသားထားကြသည်။
နိုဝင်ဘာ ၂၂ ရက်နေ့လယ်တွင်လည်း ၁၀၅ မိုင်တပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် မူဆယ်၊ အောက်နမ့် ဟွယ်ကျေးရွာ၊ ဇေယျမဂ်လာဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲသည့်အတွက် ကိုရင်တပါး ကျည်ထိမှန် ဒဏ်ရာ ရခဲ့သလို ကျောင်းအဆောက်အဦများနှင့် ယာဉ်များ ပျက်စီးခဲ့ရကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထား သည်။
ယခု ကျင်စန်းကျော့ ယာဉ်ရပ်နားဝင်း မီးလောင်မှု၊ လက်နက်ကြီးကျည်အား မည်သည့်ဘက်က ပစ်ခတ်သည်တို့ကို ဧရာဝတီမှ အသေးစိတ် ဆက်လက်မေးမြန်းနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးပေ။
ထိုသို့မီးလောင်မှုကြောင့် နိုဝင်ဘာ ၂၄ ရက် နောက်ဆုံးထားပြီး ပစ္စည်းတင်ထားသည် ယာဉ်များကို တရုတ်နိုင်ငံအခြမ်း သို့ ပြန်သွင်းရန် ကြေညာထားသလို ယာဉ်မောင်းများနှင့် အေးဂျင့်များကို အမြန်ချိတ်ဆတ်ရန်လည်း တရုတ်ဘက်က အသိပေးထားသည်။
ယနေ့ နေ့လယ် ၁၂ ဝန်းကျင်တွင် မီးသတ်ယာဉ်များရောက်ရှိလာပြီး မီးငြှိမ်းသတ်လျက်ရှိသလို ယာဉ်များကို ရွှေ့ပြောင်း နေကြောင်း ဒေသခံများထံက သိရသည်။
နိုဝင်ဘာ ၂၂ ရက် ညပိုင်းကစ၍ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးနှင့် နမ့်ခမ်းမြို့တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်လေယာဉ်များမှာ မူဆယ်မြို့ပေါ် ပျံသန်းခြင်း၊ ပစ္စည်းချခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း မူဆယ်ဒေသခံများက ဆိုသည်။
ထို့ပြင် နမ့်ခမ်းတွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ဓာတုလက်နက်သုံး၍ ဗုံးကြဲသည်ဟု သတင်း များထွက်ပေါ်နေကာ TNLA ဘက်မှ တပ်သား ၄၀ ခန့်မှာ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံက သိရသည်။ သို့သော် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကမူ သတင်းမှားသာ ဖြစ်ကြောင်း ပြောဆိုထား သည်။