ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ မင်းဂံရွာ တဖက်ကမ်းတွင် တည်ရှိသော ရဲရိုးပြင်ကျေးရွာနှင့် ခမောင်းတောကျေးရွာတို့ကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရဲရိုးပြင်ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့သလို ညနေ ၄ နာရီ ဝန်းကျင်တွင် အနီးရှိ ခမောင်းတောကျေးရွာကိုပါ ထပ်မံ မီးရှို့ခဲ့ကြောင်း ထွက်ပြေး တိမ်းရှောင်လာသည့် ရဲရိုးပြင်ရွာသားတဦးက ပြောသည်။
၎င်းက ” စစ်ကောင်စီက ပထမ လမ်းကြောင်းရှင်းတဲ့အနေနဲ့ ကျနော်တို့ရွာကို ဒရုန်းနဲ့ လာပြီးတော့ တိုက်ခိုက်တယ်၊ မင်းဂံရွာ ရွှေမင်းဂံ ရေယာဉ်ဆိပ်ကမ်းကနေပြီးတော့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်။ ရွာသားတွေအားလုံး ရွာကနေ အသက်လု ထွက်ပြေးသွားကြတဲ့အချိန်မှာ ဇက်ရေယာဉ်နဲ့ ရွာကို ကမ်းကပ် ဝင်ရောက်လာပြီးတော့ မီးရှို့ တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တွေမြို့ တဖက်ကမ်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရဲရိုးပြင်ကျေးရွာ၌ အိမ်ခြေ ၁၄၀ ကျော်ရှိကာ မီးရှို့ခံရမှုကြောင့် အိမ်ခြေ ၁၀၀ ကျော်နှင့် ရိတ်သိမ်းထားသော စပါးပုံများလည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ဆိုသည်။

ယင်းကျေးရွာအနီးရှိ အိမ်ခြေ ၁၀၀ ကျော်ရှိသော ခမောင်းတောကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ကာ နေအိမ်များကို မီးရှို့သည့်အတွက် နေအိမ် ၁၀ လုံးခန့် မီးလောင် ပျက်စီးသွားကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးမှုကြောင့် အဆိုပါ ကျေးရွာများသာမက အနီးနားရှိ ကျေးရွာများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
မီးရှို့သည့် စစ်ကောင်စီတပ်မှာ စစ်တွေအခြေစိုက် ခလရ ၂၇၀ တပ်ရင်းမှဖြစ်ကာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရခိုင်ပြည်သူ လူထု၏ အသက် အိုးအိမ် စည်းစိမ်အား ပျက်စီးစေသည့် စစ်ကောင်စီတပ်၏ တပ်ရင်း ၊ တပ်ဖွဲ့ ၊ တပ်မများအား နေ့ရက် အလိုက် ဖြစ်စဉ် ဖြစ်ရပ်များဖြင့် မှတ်တမ်းတင်ကာ အမြန်ဆုံး လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ရက်တွင် AA က ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာ စခန်းချထားသော”တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” စခန်းကုန်းကြီးနှစ်ခုစလုံးအား တရက်တည်း၌ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှစတင်ပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။