ပြည်တွင်းပြည်ပရှိ လွတ်လပ်သည့် မြန်မာသတင်းမီဒီယာများ စုပေါင်း၍ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar-IPCM) ကို ဖွဲ့စည်းကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
IPCM ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က “အဓိက စုဖွဲ့မှုနဲ့၊ သတင်းသမားတွေကို အတတ်နိုင်ဆုံး အကာအကွယ်ပေးဖို့ ရည်ရွယ်ချက်နှစ်ခုပဲ ရှိပါတယ်။ နောက်ပြီး မြန်မာပြည်ထဲက သတင်းမီဒီယာကောင်စီသည် စစ်ကောင်စီနဲ့ သူ့အောက်က တခြား Institution (အဖွဲ့အစည်း) တွေလိုပါပဲ တရားဝင်အဖွဲ့အစည်း လုံးဝ မဟုတ်ပါဘူး။ အဲဒါကြောင့် ဒေသတွင်းနဲ့ နိုင်ငံ တကာမှာ ကျနော်တို့ရဲ့ တရားဝင်မှုကို ဆက်ပြီးတော့ ခိုင်မာအောင် ကြိုးစားသွားမယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုမှတဆင့် တရားဝင် သတင်းမီဒီယာကောင်စီတခုအနေဖြင့် အာဆီယံဒေသတွင်း အပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်း များနှင့် ချိတ်ဆက်ကာ မြန်မာသတင်းသမားများအား ထိရောက်စွာကူညီဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆိုးရွားကျဆင်းလာသော သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် မီဒီယာစိန်ခေါ်မှု အခြေအနေများကြောင့် IPCM ဖွဲ့စည်းနိုင်ရေးအတွက် ဒုတိယအကြိမ်ညီလာခံကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်ထိ ထိုင်း နိုင်ငံတနေရာတွင် ပြုလုပ်ခဲ့ပြီး ပြည်တွင်းပြည်ပရှိ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ၃၇ ဖွဲ့နှင့် တသီးပုဂ္ဂလ သတင်းမီဒီ ယာသမားသမား အပါအဝင် ၇၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းညီလာခံတွင် IPCM ၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး အပါအဝင် ကောင်စီဝင် ၁၀ ဦးကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားသောကြောင့် လွတ်လပ်သည့် သတင်း မီဒီယာများ၊ တိုင်းရင်းသားမီဒီယာများ၊ ဒေသအခြေပြုမီဒီယာများကို ကိုယ်စားပြုဖွဲ့စည်းထားသော တရားဝင် သတင်းမီဒီ ယာကောင်စီဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဦးတိုးဇော်လတ်က “အတတ်နိုင်ဆုံး ဒီဘက်မှာ ဒီမိုကရေစီနည်းကျ မီဒီယာအလွှာပေါင်းစုံပါအောင်လို့ ထည့်ထားတယ်။ အဲဒါကြောင့် ကျနော်တို့က ပိုတရားဝင်ပါတယ်။ မပါသေးတဲ့ တသီးပုဂ္ဂလသတင်းသမားတွေကိုလည်း ဆက်ဖြည့်သွားမယ်။ ပိုမိုကျယ်ပြန့်တဲ့၊ အားလုံးပါဝင်တဲ့ဟာဖြစ်အောင် ကြိုးစားသွားမယ်။ တချို့ လုံခြုံရေးကြောင့် ကျန်ခဲ့တာရှိနိုင်ပါတယ်။ အချိန် မရွေး ပြန်ဆက်သွယ်ပြီး ကျနော်တို့ရဲ့ စုဖွဲ့မှုကို ပိုကောင်းအောင် ပူးပေါင်းပါဝင်ပေးပါ” ဟုလည်း တိုက်တွန်းပြောဆိုသည်။
သတင်းမီဒီယာကောင်စီ၏ အဓိကရည်ရွယ်ချက်ဖြစ်သော မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမား များ လုံခြုံရေးနှင့် အကာအကွယ်ရရှိရေး၊ မီဒီယာကျင့်ဝတ်များ ရေးဆွဲပြဋ္ဌာန်းကာ လိုက်နာကျင့်သုံးရေး၊ သတင်းမီဒီယာ ကောင်စီ၏ တရားဝင်ရပ်တည်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာကောင်စီများနှင့် တရားဝင်ချိတ်ဆက်ဆောင် ရွက်နိုင်ရေးတို့ကို ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာကောင်စီ (MPC) သည် လွတ်လပ်သော မြန်မာသတင်းမီဒီယာများကို ကိုယ်စားပြုမှုမရှိသဖြင့် တရားမဝင် အဖွဲ့အစည်းဖြစ်ကြောင်းနှင့် စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားသော သတင်းမီဒီယာသမားများအား ချွင်းချက်မရှိ လွှတ်ပေးရန်လည်း ညီလာခံတက်ရောက်သူများက တောင်းဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာ့သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းခဲ့ရပြီး စစ်ကောင်စီက သတင်း သမားများအား ဖမ်းဆီးနှိပ်ကွပ်မှုများ ပြုလုပ်လျက်ရှိရာ ၂၀၂၁ ဖေဖော်ဝါရီမှ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသည့် သတင်းသမား ၆၄ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများက ဖော် ပြထားသည်။
ဧရာဝတီ၊ DVB၊ Myanmar Now၊ 7Day News အပါအဝင် လွတ်လပ်သော သတင်းဌာန တဒါဇင်ကျော်ကို စစ်ကောင်စီက ပိတ်သိမ်းခဲ့သလို သတင်းဌာနရုံးခန်းများကိုလည်း ဝင်ရောက်စီးနင်း ချိပ်ပိတ်မှုများ လုပ်ဆောင်ခဲ့သည်။