ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင်တည်ရှိသည့် ရှေးဟောင်းယဉ်ကျေးမှုပြတိုက် အဆောက်အဦပေါ်သို့ စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ အဆောက်အဦအပါအဝင် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက် ပျက်စီးသွားကြောင်း သတင်း ရရှိသည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက်)တွင် မြောက်ဦးမြို့မ ရဲစခန်းအား ရက္ခိုင့်တပ်တော် ( AA ) တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မြောက်ဦးမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၄၀ ၊ ခမရ ၃၇၇ ၊ ခမရ ၃၇၈ တပ်ရင်းများမှ မြို့ပေါ်တခုလုံးအား လက်နက်ကြီးများဖြင့် တောက်လျောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ခံတဦးက ပြောသည်။
၎င်းက “ လက်နက်ကြီးက တိုက်ပွဲစဖြစ်ကတည်းက တောက်လျောက် ပစ်နေတာ။ တညလုံး လုံးဝ မရပ်ဘူး။ နန်းတော်ရာ ကုန်းပေါ်က ယဉ်ကျေးမှုပြတိုက်ကိုလည်း ညအချိန် လက်နက်ကြီး ကျလို့ ကျောက်စာတိုင်တွေရော၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတွေပါ ပျက်စီးကုန်တယ်။ သေချာ သွားပြီး မကြည့် ရဲကြတော့ ပျက်စီးမှုစာရင်း အသေးစိတ် ကိုတော့ စာရင်း မပြုစုနိုင်ကြသေးဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ နန်းတော်ရာကုန်းပေါ်တွင် တည်ရှိသည့် ယဉ်ကျေးမှုပြတိုက်၌ ရှေးဟောင်းကျောက်စာများ ၊ ရှေးဟောင်းအမွေအနှစ် နှင့် သက်ဆိုင်သည့် ပေစာများ ၊ ဗုဒ္ဓဆင်းတုတော်များ ၊ ရခိုင်ဘုရင်များ လက်ထက် နန်းတွင်းသုံးခဲ့သည့် အသုံးအဆောင်များ စသည်ဖြင့် ရှေးဟောင်းအမွေအနှစ်များစွာရှိကြောင်း မြို့ခံများက ပြောသည်။
အလားတူ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် မြောက်ဦးမြို့ပေါ် ဆင်ချဆိပ် ရပ်ကွက်နေ ဦးစံမောင်နှင့် ဒေါ်လှလှသန်း ဇနီးမောင်နှံမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရရှိသူ ၈ ဦးထက်မနည်းရှိကာ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း မြောက်ဦးမြို့ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ လက်နက်ကြီးက မြောက်ဦးမြို့ ရပ်ကွက်တိုင်းကို ကျတယ်။ မကျတဲ့ ရပ်ကွက်ရယ်လို့ မရှိဘူး။ စစ်ကောင်စီက တမြို့လုံးကို ဖြိုနေတာ။ မနေ့က ညနေပိုင်းအထိတော့ ဆင်ချဆိပ် ရပ်ကွက်က လင်မယား နှစ်ယောက် သေတယ်။ သူ့သမီးကလေးမှာလည်း လက်မောင်းနဲ့ ဦးခေါင်းမှာ လက်နက်ကြီးအစတွေ မှန်လို့ ဒဏ်ရာ ပြင်းတယ်။
နောက်ထပ် မြို့ခံ ၈ ဦး လောက်ရှိတယ်။ သူတို့လည်း ဒဏ်ရာတွေ တော်တော် ပြင်းတယ်။ အခုလည်း လက်နက်ကြီးတွေ ပစ်တုန်း ၊ မြောက်ဦးဆေးရုံပေါ်လည်း လက်နက်ကြီးကျတယ်လို့ ဖုန်းဆက်လာတာ ရှိတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ နံနက်ပိုင်းက ငွေတောင်ပေါက်တံတားအနီးရှိ စစ်ကောင်စီစခန်းကုန်းကို AA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး မြို့မ ရဲစခန်း၌ စစ်ကူရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသောကြောင့် မြို့ခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း မြောက်ဦးမြို့ခံများထံမှ သိရသည်။