ချင်းပြည်နယ် ၊ ပလက်ဝမြို့အနောက်ဘက် တာဝါတိုင်ကုန်းပေါ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် ( AA ) တပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ ပလက်ဝမြို့အနောက်ခြမ်း ဆက်သွယ်ရေးတာဝါတိုင်ကုန်းပေါ်အထိတိုက်ပွဲဧရိယာ ကျယ်ပြန့်လာမှုကြောင့် မြို့ခံများမှာ မြို့လုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြရသလို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့်လာရောက် ပစ်ကူပေးနေကြောင်း ပလက်ဝ ဒေသခံ တဦးက ပြောသည်။
၎င်းက “ တိုက်ပွဲက ဒီနေ့ မနက် ၁၀ နာရီကျော်လောက်ကတည်းက စဖြစ်တာ။ မြို့ အနောက်ဘက် တာဝါတိုင်ကုန်း စခန်းကို AA ဝင်တိုက်လို့ တိုက်ပွဲ တော်တော်ပြင်းတယ်။ မွန်းလွဲ ၁ နာရီလောက်ကတည်းက စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက်ပြီးတော့ ဗုံးကြဲနေတာ ” ဟု ဧရာဝတီသို့ပြောသည်။
အဆိုပါ တာဝါတိုင် စခန်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် စစ်ကူပေးနေသလို ပလက်ဝ တဖက်ကမ်း စစ်ကောင်စီတပ် ခလရ ၂၈၉ တပ်ရင်းမှလည်း လက်နက်ကြီးများ အဆက်မပြတ် ပစ်ကူပေးနေကြောင်း ဒေသခံများက ဆိုသည်။
ဇန်နဝါရီ ၂ ရက်တွင် ပလက်ဝမြို့နယ်အတွင်းရှိ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး စစ်ကောင်စီ၏ ခမောင်းဝ စခန်းကုန်းအား AA တပ်ဖွဲ့ဝင်များ အပြီးတိုင် သိမ်းပိုက်ရရှိခဲ့ကြောင်း AA ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ထားသည်။
ဆက်လက်၍ ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်အကြား တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင် ဗျူဟာကုန်းအား AA တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၅ ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။