ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီ၏ အမာခံဗျူဟာကုန်းတခု ဖြစ်သော တောင်ရှည်တောင်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးသည် ရက္ခိုင့်တပ်တော် ( AA )ထံ ဇန်နဝါရီလ ၆ ရက် ည ၉ နာရီဝန်းကျင်က လက်နက်ချ အညံ့ခံလာကြောင်း ညီနောင်မဟာမိတ်အဖွဲ့မှ သတင်းထုတ်ပြန်သည်။
ကုလားတန်မြစ်ကမ်းဘေးရှိ တောင်ရှည်တောင်ဗျူဟာကုန်းကို AA တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီသည် လေကြောင်းဖြင့် တောက်လျောက် ပစ်ကူပေးကာ ခုခံခဲ့သော်လည်း ၁၀ ရက် ကျော်အကြာတွင် ကာကင်းစခန်းများ ကျဆုံးခဲ့ပြီးနောက် လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံလာခြင်းဖြစ်ကြောင်း AA တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့်ဒေသခံတဦးက ပြောသည်။
၎င်းက “ မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဗုံးလာကြဲတဲ့အချိန် သူတို့ဗျူဟာမှူး ဗုံးထိမှန်ပြီးတော့ ပွဲချင်းပြီး သေသွားတယ်လို့ ပြောတယ်။ ညနေပိုင်းမှာ တပ်ဖွဲ့ဝင် ၁၀၀ လောက်က အလံဖြူထောင်ပြီး တောင်ပေါ်ကနေ ဆင်းလာပြီးတော့ လက်နက်ချ အညံ့ခံတာလို့ ပြောတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
တင်းမကျေးရွာအနီး တောင်ရှည်တောင်ဗျူဟာကုန်းအား သိမ်းပိုက်ရရှိခဲ့ရာတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ နှင့်အတူ ရိက္ခာပစ္စည်း အမြောက်အမြား သိမ်းပိုက်ရရှိထားကြောင်း ၊ ယနေ့ နံနက် ၈ နာရီ ဝန်းကျင်တွင် အဆိုပါ AA သိမ်းပိုက်ထားသော တောင်ရှည်တောင်ဗျူဟာကုန်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာကုန်းတွင် စစ်ကောင်စီ၏ ကျောက်တော်အခြေစိုက် စကခ ( ၉ ) လက်အောက်ခံ တပ်ရင်းများနှင့် တပ်မ ( ၅၅ ) လက်အောက်ခံ တပ်ရင်းတို့က ပြီးခဲ့သော ရခိုင်စစ်ပွဲကာလ ကတည်းက တပ်စွဲ နေထိုင်ပြီး ၂၀၂၀ ခုနှစ် ၊မတ် ၁၃ ရက်တွင် တင်းမကျေးရွာသား ၁၈ ဦးကို မတရား ဖမ်းဆီးသတ်ဖြတ်ခဲ့သလို အိမ်ခြေ ၇၀၀ ကျော်ရှိသည့် တင်းမရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
တောင်ရှည်တောင်ဗျူဟာကုန်း၏ မြောက်ဘက်တွင် မီးဝ ဗျူဟာကုန်းနှင့် တောင်ဘက်တွင် အမှတ် ( ၉ ) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် – စကခ ၉ တပ်မဌာနချုပ်တို့ တည်ရှိပြီး တောင်ရှည်တောင် ဗျူဟာကုန်း ကျသွားလျင် မီးဝဗျူဟာကုန်း နှင့် စကခ – ၉ တပ်မဌာချုပ်တို့မှာလည်း အကာအကွယ်မဲ့ဖြစ်ကာ စစ်ကောင်စီအတွက် ကုလားတန် မြစ်ကြောင်း တခုလုံး လက်လွှတ်ရမည့် သဘောရှိသလို တပ်မဌာနချုပ်ကိုလည်း အပြင်းအထန် ကာကွယ်ရမည့်သဘော ဖြစ်သည်။
ပြီးခဲ့သော ဇန်နဝါရီလ ၄ ရက်က လောက်ကိုင်မြို့ အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တခုလုံး လက်နက်ချခဲ့ပြီးနောက် လက်ကျန် အမြင့်ဆုံးတောင်ကုန်းဖြစ်သော နမ်ထင်းမိန်ရှန်း ခေါ် ပွိုင့် (၂၀၂၂) ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၆၆ ဦးကလည်း ဇန်နဝါရီလ ၅ ရက်နေ့တွင် ထပ်မံလက်နက်ချခဲ့သောကြောင့် လက်ရှိအချိန်ထိ လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားမှာ ထောင်နှင့်ချီ ရှိနေပြီဖြစ်သည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ကျော်ရှိသော လောက်ကိုင် ဒကစ လက်နက်ချအညံ့ခံခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နိုင်ငံဘက်သို့ ကျည်မကျရောက်စေရေးနှင့် တပ်မိသားစုဝင်များ၏ လုံခြုံရေးကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။