မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောက်မဲလေးကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး PDF) နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့က တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
အဆိုပါ ကျောက်မဲလေးတပ်စခန်းကို ဇန်နဝါရီ ၆ ရက်မှစတင်ပြီး ထိုးစစ်ဆင်ခဲ့ရာ ယမန်နေ့ကထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများဖြင့်ပါ တန်ပြန်တိုက်ခိုက်လျက်ရှိကြောင်း မန္တလေး PDF တပ်ဖွဲ့က ဆိုသည်။
မန္တလေး PDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “သံဘိုရဲ့ နောက်တဆင့်စခန်းဖြစ်တဲ့ ကျောက်မဲလေးစခန်းကိုပါ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ စပြီး ထိုးစစ်ဆင်ကတည်းက တိုက်ပွဲပြင်းထန်နေတာ ဒီနေ့အထိပဲ။ ကျောက်မဲလေးစခန်း မကျရေး ရန်သူဘက်ကလည်း လေကြောင်းကို အလွန်အကျွံအသုံးပြုပြီး ခုခံကာကွယ်နေတာမျိုးရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
ဇန်နဝါရီ ၆ ရက်တွင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီက Mi-35 ဖြင့် ၂ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်၊ စစ်ရေးပစ်မှတ်မဟုတ်သည့် လွယ်ဆိုင်တောင်အနီးတဝိုက်သို့ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် ဇန်နဝါရီ ၇ ရက်တွင်လည်း စစ်ကောင်စီက ကျောက်မဲလေးကျေးရွာသို့ Mi-35 ဖြင့် ၅ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၆ ကြိမ် လာရောက်ပြီး ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့်ပါ ကြဲချတိုက်ခဲ့မှုကြောင့် ယင်းကျေးရွာရှိ လူနေအိမ် ၃ လုံး ကျည်စထိမှန် မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီ ၉ ရက်၌လည်း နှစ်ဖက်တိုက်ပွဲများပြင်းထန်နေချိန် ဂျက်ဖိုက်တာဖြင့် ၈ ကြိမ်၊ Mi-35 ဖြင့် ၃ ကြိမ် လာရောက်ပစ်ကူခဲ့ကြောင်း ၎င်းတို့က ဆိုထားသည်။
အဆိုပါ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ပြင်ဦးလွင်မြို့သည် စစ်တက္ကသိုလ်များအခြေစိုက်ရာ တပ်မြို့တခုဖြစ်ပြီး ကျောက်မဲလေးတပ်စခန်းသည် ပြင်ဦးလွင်-မိုးကုတ် ကားလမ်းပိုင်းအတွင်း တည်ရှိသော စခန်းတခုဖြစ်ကာ သံဘိုစခန်းပြီးလျှင် ပြင်ဦးလွင်မြို့လုံခြုံရေးအတွက် အရေးကြီးသောစခန်းတခု ဖြစ်သည်။
ဇန်နဝါရီ ၇ ရက်က ပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သော ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့နယ်၊ သံဘိုစခန်းကို ဇန်နဝါရီ ၉ ရက်တွင် စစ်တပ်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဟူသော သတင်းများထွက်ပေါ်မှုနှင့် ပတ်သက်၍ ကိုအော်စမွန်က “လက်ရှိအချိန်ထိ သံဘိုစခန်းက ကျနော်တို့ပဲ အပြည့်အဝ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ သံဘိုကို စကစက ပြန်သိမ်းတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု ဆိုသည်။
TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့သည် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့အတွင်း ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ထပ်ဆင့်စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ပြီး ရှမ်းမြောက်ဒေသသို့ စစ်ကောင်စီဘက်မှ မြေပြင်စစ်ကူများ ဝင်မလာနိုင်ရေး ဖြတ်တောက်တိုက်ခိုက်လျက်ရှိသလို နောင်ချို၊ မတ္တရာနှင့် မိုးကုတ်မြို့နယ်များတွင်လည်း “တောင်သမန် စစ်ဆင်ရေး” ကို ဖော်ဆောင်လျက် ရှိသည်။