ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ ရှေ့တန်းထောက်ပို့နှင့် လက်နက်ကြီး အမာခံ တပ်ရင်းတခုဖြစ်သော ခလရ ၁၂၃ တပ်ကို ယမန်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များထံမှ သိရသည်။
၎င်းက “အဲဒီက တပ်တွေ လက်နက်ချပြီလို့ ပြောတယ်။ လက်နက်ချတဲ့ တပ်တွေကို ထွက်ပေါက်ပေးဖို့ ဘာဖို့ ရှိသေးတယ်နဲ့ တူတယ်။ လောလောဆယ် လက်နက်ချထားတာ စစ်တပ်က သိရင် ဗုံးလာကြဲမှာ စိုးလို့နဲ့ တူတယ်”ဟု ပြောသည်။
ဒေသအခြေစိုက်မီဒီယာတခုတွင်မူ ဇန်နဝါရီ ၁၅ ရက်၊ ည ၉ နာရီကျော် အချိန်မှ စတင်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ခလရ ၁၂၃ အတွင်း ဗုံးကြဲခြင်းပြုလုပ်ခဲ့ပြီး ယင်းအချိန်မှ စ၍ စစ်ကောင်စီတပ်က နောက်ဆုတ်နေခြင်း ဖြစ်ကြောင်း၊ KIA ဘက်မှ လေကြောင်းရန် ကာကွယ်ရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ခြင်း ပြုလုပ်ခဲ့ပြီး လက်ရှိတွင် စခန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ စခန်းသိမ်းရရှိမှုနှင့် ပတ်သက်၍ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ လတ်တလော အတည်ပြု၍ မရနိုင်သေးကြောင်း ပြန်လည်ဖြေကြားသည်။
Kachin News Group မီဒီယာတွင် စစ်ကောင်စီတပ်ရင်းကို သိမ်းပိုက်ရရှိသည့်သတင်းမှာ မှန်ကန်ပြီး လတ်တလော နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်ကြောင်း KIA တပ်မဟာ ၄ ၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောထားသည်။
စစ်ကောင်စီ၏ နမ့်ဖတ်ကာ စခန်းကို ပြီးခဲ့သော ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်ပြီး KIA တပ်မဟာ ၄၊ တပ်မဟာ ၆၊ တပ်မဟာ ၁၀နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
နမ့်ဖတ်ကာ ဒေသခံတဦးက “နမ့်ဖက်ကာကို ဒီဇင်ဘာနောက်ဆုံးပတ်မှာ KIA စတိုက်တယ်။ ဇန်နဝါရီ ပထမပတ်လောက်ကတည်းက နမ့်ဖက်ကာရွာထဲကို KIA တွေ စီးမိထားပြီ၊ အရပ်သားတွေကတော့ အဲဒီရက်ကတည်းက အကုန်ရှောင်ကုန်ကြပြီ၊ တိုက်ပွဲတွေက နေ့စဉ်နီးပါး ပြင်းထန်နေခဲ့တယ်။ လေကြောင်းကပါ ဗုံးကြဲ၊ မြို့ထဲအတော်လေး အထိနာပြီး အိမ်တွေပျက်စီးတယ်၊ ဒီတိုက်ပွဲတွေထဲ အရပ်သား ၅ ဦးခန့် သေဆုံးမှုရှိ ထားတယ်လို့ သိရတယ်။ အတိအကျ မသိနိုင်သေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် နမ့်ဖတ်ကာရွာထဲသို့ အရပ်သားများ ပြန်လည်ဝင်ရောက်ခြင်း မပြုလုပ်ရန်အတွက်လည်း ယခု ရက်ပိုင်းအတွင်း KIA ဘက်မှ သတိပေးထားကြောင်း ၎င်းက ပြောသည်။
နောက်ထပ် ဒေသခံ တဦးက “နမ့်ဖတ်ကာကို သိမ်းနိုင်ပြီလို့ ဒီမနက် ကြားတယ်။ အတိအကျတော့ မသိရသေးဘူး။ လက်ရှိအခြေအနေက အဆက်အသွယ် မရဘူးဖြစ်နေတာ”ဟု ဧရာဝတီသို့ ပြောသည်။
နမ့်ဖတ်ကာ- မူဆယ်- ကွတ်ခိုင်- လားရှိုး- လောက်ကိုင် ပြေးဆွဲနေသည့် ယာဉ်လိုင်း ပိုင်ရှင်တဦးက လတ်တလောတွင် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် နမ့်ဖတ်ကာ မြို့ဘက်သို့ သွားလာ၍ မရကြောင်း၊ ခရီးစဉ်ပြေးဆွဲမှု ရပ်နားထားသည်မှာ ရက်ပိုင်းခန့် ရှိနေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကြားရှိ နမ့်ခိုင်တံတား တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထွက်ပြေးသွားသဖြင့် လက်နက်ခဲယမ်းများ ရရှိခဲ့ပြီး လက်ရှိတွင် နမ့်ခိုင်တံတား အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်း ၈ ခုကို KIA ဘက်မှ တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။
You may also like these stories:
ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်
၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ
မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်