ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်၌ လက်နက်ချခဲ့သောကြောင့် ဖမ်းဆီးခံထားရသော တပ်မှူး၊ ဗိုလ်မှူးချုပ်များ၏ ရာထူးတာဝန်များနေရာတွင် လူသစ်များဖြင့် မကြာသေးခင်ရက်ပိုင်းက အစားထိုး ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။
လောက်ကိုင်တွင် လက်နက်ချရန် ဦးဆောင်ဆွေးနွေးခဲ့သည့် လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် ( ဒကစ လောက်ကိုင် ) မှူးနေရာအား တပ်မ ၁၁မှ ဗိုလ်မှူးကြီး မျိုးမင်းထွေး၊ လက်နက်ချရာတွင် ပါဝင်ခဲ့သည့် စကခ ၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူးနေရာတွင် အရာခံအကြပ်ကြီးသင်တန်းကျောင်းမှ ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးနေရာ၌ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒု ဌာနချုပ်မှူး ဗိုလ်မှူးကြီး မောင်မောင်လေးကို ပြောင်းလဲခန့်အပ်လိုက်ကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။
ထို့ပြင် လက်နက်ချရာတွင်ပါဝင်ခဲ့သော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ခေတ္တဥက္ကဋ္ဌတာဝန်ယူခဲ့သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်နေရာအား လင်းခေးအခြေချဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်တင်စိုးနှင့် တပ်မ ၅၅ တပ်မမှူးနေရာ၌ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးအောင်စိုးမင်းကို အစားထိုး ခန့်အပ်လိုက်ကြောင်း သိရသည်။
ဇန်နဝါရီ ၅ ရက်တွင် လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ရှိ ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ဒေသ စစ်ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ အမှတ် ၁၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး တို့ဖြစ်ပြီး ယင်း ၆ ဦးကို လာရှိုး မြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်လာကာ ဖမ်းဆီး ချုပ်နှောင်ထားပြီးနောက် စစ်တရားရုံးမှ အရေးယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
CDM ဗိုလ်ကြီးတဦးက “ လက်နက်ချတဲ့သူတွေနေရာကို အစားထိုးခန့်လိုက်တယ်ဆိုတဲ့ သဘောကတော့ အခုချုပ်ထားတဲ့သူတွေကို အရေးယူတော့မှာမလို့ပေါ့။ အနည်းဆုံးတော့ ရာထူးက ထုတ်ပယ်ဆိုတာမျိုးပေါ့” ဟု ဆိုသည်။
ထို့ပြင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်( TNLA )၏ ဖမ်ဆီးခြင်းခံရသော တပ်မ ၁၀၁ တပ်မမှူး နေရာအား စစ်ရာထူးခန့်ချုပ်ရုံးမှ ဗိုလ်မှူးကြီးမြင့်ရွှေအား ခန့်အပ်လိုက်ပြီး ဗိုလ်မှူးကြီးမြင့်ရွှေသည် စစ်တက္ကသိုလ် အပတ်စဉ်-၃၉ ( DSA-39 ) ကျောင်းဆင်းတဦးဖြစ်သည်။
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်မှူးကြီး ကျော်သူရအား အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးအဖြစ် ခန့်အပ်လိုက်ကြောင်းလည်း ဧရာဝတီ၏ စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။
အသစ်ခန့်အပ်လိုက်သောတပ်မှူးအများစုမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၉၊ ၄၁နှင့် အလုပ်သင် ၂၄ သင်တန်းဆင်းများဖြစ်ပြီး စစ်မတိုက်ရဘဲ ရထူးရလာခဲ့ကြသူများဖြစ်သလို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လူရင်းများဖြစ်ကြောင်း ဧရာဝတီ၏စစ်ဘက်သတင်းရင်းမြစ်များက ဆိုသည်။
You may also like these stories:
လောက်ကိုင်၌ လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးကို အရေးယူရန် စစ်ကောင်စီ ပြင်ဆင်
လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ
လောက်ကိုင်မြို့ အား သိမ်းပိုက်လိုက်ပြီဟု MNDAA ကြေညာ
လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့