မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝါယမ (မြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှုး)ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံရသော ဒဏ်ရာများကို ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ ၁၈ ရက်တွင် ပျံလွန်တော်မူသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဆရာတော်မှာ သက်တော် ၆၉ နှစ်၊ ဝါတော် ၄၉ ဝါရှိ မတ္တရာမြို့နယ် သံဃနာယကအဖွဲ့ အတွင်းရေးမှူးဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
မတ္တရာဒေသခံတဦးက “စကစက ဖမ်းပြီးတော့ ဇီးဖြူပင်ကုန်းရွာဘက်က ချောင်းဘောင်မှာ ကားတစီးနဲ့လာပြီး ပစ်ချသွားတယ်၊ ဒဏ်ရာတွေ ရထားလို့ မတ္တရာဆေးရုံကို ပို့ပြီး ဆေးကုနေရတာ၊ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၈ ရက်က ပျံလွန်တော်မူခဲ့တာပါ၊ ၂၀ ရက်နေ့မှာပဲ ထန်းပင်ကုန်းရွာမှာ မီးသဂြိုဟ်ခဲ့ပါတယ်”ဟု ပြောသည်။
ဆရာတော်ဦးဝါယမသည် နိုဝင်ဘာ ၂၁ ရက်က ထန်းပင်ကုန်းကျေးရွာမြောက်ဘက်ရှိ ကြားရွာဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဦးသုစိတ္တ (သက်တော် ၈၂၊ ဝါတော် ၆၂ )၏ မီးသဂြိုဟ် ဈာပနအခမ်းအနားသို့ သွားရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ကျောင်းသို့ ခေတ္တရောက်ရှိနေသော ကျောက်တံတား ကျေးရွာ ရေနားဘုန်းကြီးကျောင်းမှ ဦးခေမာနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျောင်းတိုက်ပိုင်ကားကိုပါ ယူဆောင်သွားကြကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် ဆရာတော် ဦးခေမာကို ပြန်လွှတ်ပေးခဲ့ပြီး ဦးဝါယမအား အဓမ္မ လူဝတ်လဲကာ ဆက်လက်ဖမ်းဆီးခဲ့ပြီးနောက် နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီခန့်၌ ဇီးဖြူပင်ကုန်းကျေးရွာအနီး ချောင်းဘောင်တွင် ကားပေါ်မှ ပစ်ချထားခဲ့ခြင်းဟု သိရသည်။
မတ္တရာမြို့ဒေသခံ တဦးက “ ဆရာတော်ကို တွေ့တော့ နံဘေးမှာ ဓားနဲ့ ထိုးခံထားရတာကို တွေ့တယ်၊ ပြီးတော့ လည်ပင်းမှာလည်း ဓားနဲ့ မွှန်းခံထားရတာတွေ တွေ့ရတယ်၊ အဲဒီလို ဒဏ်ရာတွေနဲ့ တွေ့ရတာမို့ ဆေးကုနေရင်း ပျံလွန်တော်မူခဲ့တာပါ၊ စစ်တပ်က ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့်ပဲ အခုပျံလွန်တော်မူခဲ့ရတာမို့ စစ်တပ်က သတ်ဖြတ်သွားတာလို့ပဲ ပြောရမှာပေါ့”ဟု ပြောသည်။
ဆရာတော်အား မည်သည့်အကြောင်းရင်းများကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ မည်ကဲ့သို့ စစ်ဆေးမေးမြန်းခဲ့ကြောင်း မသိရသလို ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာပြင်းထန်သောကြောင့် ဆေးကုသနေသော်လည်း ပြန်လည် ကောင်းမွန်လာခြင်း မရှိဘဲ ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
You may also like these stories:
မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ
မတ္တရာနှင့် ပုသိမ်ကြီးမှ ဒေသခံ ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
မတ္တရာ NLD လွှတ်တော်အမတ်၏ ဖခင် စစ်ကြောရေး ပို့ခံရ