“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်နယ်စပ်ဂိတ်ပေါက်များမှတဆင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက် အလုပ်လုပ်ကိုင်ရန် လူသောင်းနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း ဒေသခံများထံက သိရသည်။
စက်တင်ဘာ ၄ ရက်မှ စ၍ မူဆယ်မြို့ရှိ နန်းတော်နှင့် ဆင်ဖြူနယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံဘက်သို့ ၇ ရက် နေထိုင်ခွင့်ရှိသော နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဝင်ရောက်ခွင့်ပြုချိန်က တရက်လျှင် လူဦးရေ ၆၀၀ ခန့် ဝင်ထွက်နိုင်သော်လည်း ယခုအခါ တပတ်လျှင် လူ ၁,၀၀၀ ခန့်သာ ဝင်ရောက်ခွင့်ပြုခြင်း ဖြစ်သည်။
မူဆယ်ဒေသခံ တဦးက “လူဝင် လူထွက်ကတော့ တော်တော် ထူးထူးခြားခြားပါပဲ။ အခုကတော့ တအားကို တရုတ်ပြည်ထဲကို ဝင်တာပေါ့။ ကြိုတင် တုံကင်ပေးတာပေါ့။ ၁,၀၀၀ လောက်ပေးတာကို လူ ၈,၀၀၀ ၊ ၁၀,၀၀၀ လောက် တိုးဝှေ့တန်းစီတော့ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ်။ တရုတ်ပြည်ထဲကို တပတ် တုံးထုဝင်ဖို့ အတွက် တန်းစီကြတာပေါ့။ အဝင်တော်တော်များတယ်။ တုံကင်ကတော့ ၁ ပတ်၊ ၁၀ ရက်တခါ ပေးတာပေါ့။ လူတန်းစီတာ အရမ်းများတော့ ဘောလုံးကွင်းတို့၊ လေ့ကျင့်ရေးကွင်းတို့ သင့်တော်တဲ့နေရာမှာ ကြေညာပြီး ပေးတာ”ဟု ဧရာဝတီသို့ ပြောသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ မဖြစ်ပွားခင်က တရုတ်နိုင်ငံဘက်သို့ သွားရောက်အလုပ် လုပ်ကိုင်ပါက တရက်လျှင် လုပ်အားခ တရုတ်ငွေ ယွမ် ၈၀ ခန့် ရသော်လည်း ယခု တိုက်ပွဲများ ဖြစ်ပွားပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေသည့် အချိန်တွင် တရုတ်ဘက်သို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် မြန်မာလုပ်သား များပြားကာ တရက်လျှင် ယွမ် ၄၀ ခန့်သာ ရတော့ကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းက “အလုပ်ကတော့ ရှိတယ်။ လုပ်အားခတော့ အရင်လို မရတော့ဘူး။ အဆင်တော့ မပြေဘူးပေါ့။ ဒါပေမယ့်လည်း ကျန်တဲ့နေရာတွေမှာ အလုပ်မရှိတော့ တရုတ်ပြည်အဝင်မှာပဲ လာတိုးနေသလို ဖြစ်တာ။ ကတ်ဖိုးကတော့ သူတို့တောင်းသလောက်ပေါ့”ဟု ၎င်းက ဆိုသည်။
အဆိုပါ TBP ကတ်ကို ၁ ပတ် ကြိမ် သို့မဟုတ် ၁၀ ရက်မှ တကြိမ်ပေးခြင်း ဖြစ်ပြီး ကတ်ပြုလုပ်ရန်အတွက် မြန်မာငွေ ၄,၀၀၀ မှ ၅,၀၀၀ ကျပ်ကုန်ကျကြောင်း သိရသည်။
ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ရရန်အတွက် တခါသုံး နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကို တုံကင်စောင့်ဆိုင်းနေသူ ၁ သောင်းနီးပါးထဲမှ ၃၀ ဦးထက်မနည်း မူးလဲ၊ ထိခိုက်ဒဏ်ရခဲ့ပြီး ဆေးရုံတင်လိုက်ရကြောင်း ကူညီပေးခဲ့ရသည့် မူဆယ်မြို့ရှိ ပရဟိတအသင်းများထံက သိရသည်။

တရုတ်နယ်စပ် ကျယ်ဂေါင်တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများ အပါအ ဝင် သွင်းအားစု ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းရန် ကုန်တင်ယာဉ်ဂိတ် ၁၀၀ ကျော် ဖွင့်လှစ်ထားပြီး ဂိုဒေါင်များ ငှားရမ်းခြင်း၊ မြန်မာနိုင်ငံမှ ပို့ဆောင်သော ကုန်စည်များကို သိုလှောင်ထားရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း မြန်မာနိုင်ငံသား လုပ်ငန်းရှင်များက သွားရောက် လုပ်ကိုင်မှုများ ရှိပြီး မြန်မာလုပ်သားများမှာ အဆိုပါ လုပ်ငန်းများတွင်လည်း သွားရောက်လုပ်ကိုင်နေကြကြောင်း သိရသည်။
လက်ရှိတွင် မြောက်ပိုင်းညီနောင်မဟာမိတ်များက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်ထားပြီး ယင်းနှင့် ၇ မိုင်ခန့် ဝေးသည့် တရုတ်နယ်စပ် ကျယ်ဂေါင်ဂိတ်တွင်မူ လဝကနှင့် အကောက်ခွန် ကြီးကြပ်ရေးရုံးများစသည်တို့မှာ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
မူဆယ်နယ်စပ်ဂိတ်မှနေ၍ တရုတ်သို့ဝင်ရန် နေ့စဉ် လူရာချီ စောင့်ဆိုင်းနေ
KIA ထိုးစစ်ကြောင့် မံစီမှ စစ်ကောင်စီတပ်သားတချို့ တရုတ်နိုင်ငံဘက် ထွက်ပြေး
လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များနေရာ အစားထိုးခန့်အပ်