နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအမှတ်-၅၄ အား လေလံတင်ထုခွဲရောင်းချရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့ အမိန့်ချလိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူတဦးက ပြောသည်။
နေအိမ်လေလံတန်ဖိုးအနေဖြင့် ကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း (အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်) ဖြင့် စတင်မည်ဖြစ်ပြီး ၂၀၂၄ မတ် ၂၀ ရက်တွင် လေလံဖွင့်မည် ဖြစ်သည်။
ထိုအမိန့်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေအဖွဲ့တို့ တွေ့ဆုံခွင့်မရသေးသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ မည်သို့ဆက်လက်လုပ်ဆောင်မည်ကို မသိရသေးကြောင်း တရားရုံးနှင့်နီးစပ်သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခံရကာ စစ်ကောင်စီစွပ်စွဲသော ပုဒ်မအမျိုးမျိုးဖြင့် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံရပြီး နေပြည်တော်အချုပ်ထောင်တွင် အကျဉ်းချခံထားရသည်။
ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်ကာ ထောင်သွင်းအကျဉ်းချထားမှု ၃ နှစ်ပြည့်ရန် ရက်ပိုင်းအလိုတွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နေအိမ်ကိုပါ လေလံတင်ရောင်းချရန် အမိန့်ချလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်ခင်ကြည်အမည်ပေါက် ပိုင်ဆိုင်သော ခြံအမှတ်(၅၄/၅၆) သည် ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းသည်။
ထိုအိမ်နှင့်ပတ်သက်ပြီး အမွေခွဲရန် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ၂၀၀၁ ခုနှစ်ကတည်းကစတင်ကာ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယခင်က ထိုအိမ်အမွေမှုနှင့်ပတ်သက်ပြီး တရားရုံးက နှစ်ထပ်အိမ်ပါသည့်အခြမ်းအား ဒေါ်အောင်ဆန်းစုကြည် ယူရန်နှင့် ကျန်အခြမ်းအား ဦးအောင်ဆန်းဦးယူရန် အမိန့်ချခဲ့ဖူးသည်။
ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦးက ကျေနပ်မှုမရှိဘဲ နေအိမ်အားရောင်းချကာ ရရှိငွေအား တဝက်စီခွဲဝေယူရန် ထပ်မံလျှောက်ထား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထိုလျှောက်ထားချက်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုလက်ခံပြီးနောက် လေလံတင်ရောင်းချရန် ယနေ့ ပြန်လည်အမိန့်ချလိုက်ခြင်း ဖြစ်သည်။
ထိုနေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ကတော်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်သည်အထိ နေထိုင်ခဲ့ပြီး ယခင်စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ခန့် နေထိုင်ခဲ့သည့်အိမ် ဖြစ်သည်။
ထိုအိမ်အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမျိုးသားအဆင့်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ၂၀၂၂ စက်တင်ဘာ ၂ ရက်တွင် ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ကြေညာထားသည်။
ထိုအိမ်နှင့်ပတ်သက်ပြီး မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်းအသုံးချခြင်းများအား တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ (၁၉၈၇)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အရေးယူမည့်အပြင် လုပ်ဆောင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား အမည်ပျက်စာရင်းသွင်းမည်ဖြစ်ကြောင်း NUG က ပြောထားသည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီလက်ထဲက ခြံအမှတ် ၅၄
ဒေါ်အောင်ဆန်းစုကြည်နှင့် အကျယ်ချုပ်နေခဲ့သူများအား ခြံအမှတ် ၅၄ သို့ ပြောင်းရွှေ့