ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသူများအနေဖြင့် ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးထား ထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အသိပေးထားကြောင်း ဒေသခံများထံမှ သိရသည်။
မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်များက ဇန်နဝါရီ ၁၈ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မြို့ခံစစ်ရှောင်များကို ကူညီပေးနေသူတဦးက “အခြေအနေကတော့ အခုရက်ပိုင်း ငြိမ်နေပါတယ်၊ စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေပါတယ်၊ ထွက်တဲ့သူတွေလည်း ထွက်နေကြပြီ၊ ပိတ်မိပြီးတော့ ရှေ့မှာ လူတွေ သေထားတာတွေ လည်းရှိတော့ အားလုံးနီးပါး မြို့ကို စွန့်ခွာကုန်ကြပြီ၊ တိုက်ပွဲမှာ ပိတ်မိပြီး သေတာကလည်း တော်တော်များတယ်” ဟု ပြောသည်။
မိုးမိတ်မြို့သိမ်းတိုက်ပွဲစတင်ချိန်က တိုက်ပွဲများ ဆက်တိုက် ပြင်းထန်ခဲ့သော်လည်း ဇန်နဝါရီ ၂၄ရက်မှစ၍ တိုက်ပွဲဖြစ်ပွားမှု နည်းသွားကြောင်း၊ မိုးမိတ်မြို့မှ တိမ်းရှောင်ကြသူများသည် မိုးကုတ်၊ မန္တလေးနှင့် ဘေးလွတ်သည့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ကြပြီး အဝေးသို့ ရှောင်ရန် အဆင်မပြေသူများက ကျည်လွတ်ရာရှာ၍ နေကြရကြောင်း သိရသည်။
မိုးမိတ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၃၄၈ ခြေမြန်တပ်ရင်း၊ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) ၏ ဗျူဟာတခုနှင့် အမှတ် ၂၂၃ ခြေလျင်တပ်ရင်း၊ အမှတ် ၂၇၆ ခြေလျင်တပ်ရင်းတို့ အခြေစိုက်ထားသလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၄၈ စသည့် တပ်ရင်းများလည်း အခြေစိုက်ထားသည်။
အခြားမြို့ခံတဦးက “တိုက်ပွဲငြိမ်နေပေမယ့် စစ်တပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေ ရှိနေသေးတယ်၊ တနေ့ကပဲ ဗုံးကျပြီးတော့ မိဘရိပ် ဆီဆိုင်ကနေ ရဲစခန်းနားထိ အိမ်တွေ မီးလောင်ပြာကျတယ်၊ ပြီးတော့ ဗုံးတလုံးက ဗုံးခိုကျင်းပေါ် တည့်တည့်ကျပြီး ၅ ယောက် ပွဲချင်းပြီး သေတယ်”ဟု ပြောသည်။
ယင်းသို့ တိုက်ပွဲများ ပြင်းထန်ခဲ့မှုကြောင့် စစ်တပ်က မိုးမိတ်တံတားမှနေ၍ မြို့အဝင်အထွက်များကို ပိတ်ဆို့တားမြစ်ခဲ့ရာ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ပိတ်မိနေသည့် အရပ်သားပြည်သူများ ထိမှန်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော ၃ ရက်ခန့်အတွင်း ပရဟိတအသင်းများက ရုပ်အလောင်းကောက်ယူရာတွင် ရုပ်အလောင်း ၄၀ ကျော်ထိ ရရှိခဲ့ပြီး အဆိုပါ အလောင်းများကို ဘောလုံးကွင်းထဲ၌ စုပုံ မီးရှို့ သဂြိုဟ်ပေးခဲ့ကြောင်း မြို့ခံတဦးက ဆိုသည်။
၎င်းက “ ကောက်လို့ရတဲ့ ရုပ်အလောင်းတွေကို ဘောလုံးကွင်းထဲမှာ စုပုံပြီး မီးရှို့တာတွေ လုပ်ပေးခဲ့ကြတယ်တဲ့၊ မြို့ကတော့ မြို့လုံးကျွတ်နီးပါး ပြာပုံဖြစ်သွားပြီ၊ အခုရက်ပိုင်းထဲ ငြိမ်နေတာက ဘာတွေ ဆက်ဖြစ်မယ် မသိ၊ မတွေးရဲအောင်ပဲ”ဟု ပြောသည်။
မိုးမိတ်မြို့နယ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပါဝင်သော်လည်း ရှမ်းပြည်အနောက်မြောက်ဘက်၌ တည်ရှိပြီး မြောက်ဘက်တွင် မဘိမ်းမြို့နယ်နှင့် ကချင်ပြည်နယ် မန်စီမြို့နယ်၊ အရှေ့ဘက်တွင် မန်တုံ၊ နမ့်ဆန်မြို့နယ်၊ မိုင်းငေါ့မြို့ နယ်ခွဲ၊ တောင်ဘက်တွင် သီပေါ၊ ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့နယ်များနှင့် နယ်နမိတ်ထိစပ်နေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြား လှုပ်ရှားသော နယ်မြေတခုလည်း ဖြစ်သည်။
ယခုအခါ မိုးမိတ်မြို့တွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူထားသဖြင့် ပိတ်မိနေသည့် ဒေသခံများ၏ လုံခြုံရေးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။
You may also like these stories:
မိုးမိတ်မြို့ကို KIA၊ PDF တို့ ဝင်တိုက် ဒေသခံများပိတ်မိနေ
တိုက်ပွဲ ပြင်းထန်လာ၍ မိုးမိတ်မြို့ခံများ နေရပ်စွန့်ခွာလာ
လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့