ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီးမြို့ကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း ယနေ့ မနက်တွင် KNDF က သတင်း ထုတ်ပြန်သည်။
KNDF မှ တာဝန်ရှိသူတဦးက “မော်ချီးမှာ သူတို့ (စကစ) မရှိတော့ပါဘူး” ဟု ဧရာဝတီကို ပြောသည်။
ယင်းဒေသရှိ စခန်းများသိမ်းဆည်းရရှိခဲ့သည့် အသေးစိတ်အခြေအနေကိုမူ လတ်တလောတွင် ဧရာဝတီအား ဖြေကြားပေးခြင်း မရှိသေးပေ။
မော်ချီးဒေသအခြေစိုက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စခန်းကုန်းအားလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များသည် တိုက်ပွဲ တစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ ၎င်းတို့ တပ်စွဲရာနေရာများ၊ စခန်းအားလုံးကို စွန့်ခွာ၍ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် မော်ချီးဒေသတခုလုံး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်စိုးမိုးနိုင်ခဲ့ ကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ မော်ချီးမြို့ရှိ စစ်ကောင်စီ၏ တောင်ပေါ်ကျောက်ကြားစခန်းနှင့် မြို့အဝင် အမှတ် ၂ စခန်းတို့ကို KNDF တပ်ဖွဲ့များက ဇန်နဝါရီ ၂၇ ရက်က တိုက်ခိုက် သိမ်းပိုက်ထားခြင်းဖြစ်သည်။
မော်ချီးမြို့သည် ခဲမဖြူ၊ အဖြိုက်နက် စသော သတ္တုတွင်းထွက်ပစ္စည်းများ ထွက်ရှိရာမြို့ဖြစ်သလို ဘောလခဲမြို့၏ တောင်ဘက်တွင်ရှိပြီး၊ လွိုင်ကော်မြို့နှင့် ၉၃ မိုင်ခန့်ကွာဝေးသည့်မြို့လည်း ဖြစ်သည်။

မော်ချီးဒေသနှင့် မိုင် ၁၁၀ ခန့် အကွာအဝေးတွင်ရှိသည့် ပဲခူးတိုင်း၊ တောင်ငူမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ခလရ ၃၉၊ ခလရ ၇၃ (ဇရပ်ကြီး)၊ တောင်ငူလေတပ်စခန်းဌာနချုပ်တို့ ရှိသလို၊ ခြေလျင်တပ်ရင်းများ၊ ၂၀၄၊ ၃၃၀ အမြောက် တပ်ရင်းများ၊ ထောက်ပို့တပ်ရင်းများနှင့် သင်တန်းကျောင်းများ အစရှိသည့် တပ်ရင်း တပ်ဖွဲ့များစွာ အခြေစိုက်ထားသည်။
မယ်စဲ့မြို့ကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ပြီးနောက် မော်ချီးမြို့သည် ဒုတိယမြောက် သိမ်းပိုက်နိုင်ခဲ့သော မြို့ ဖြစ် လာသည်။
ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်းအချို့သည် တပ်ရင်းလိုက် ဘက်ပြောင်းအလင်းဝင်ရန်အတွက် ညှိနှိုင်းသဘောတူညီမှုများလည်း ရထားကြောင်း ဇန်နဝါရီ ၂၄ ရက်တွင် KNDF က ထုတ်ပြန်ထားသည်။
ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ ၁၁.၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့များရှိ စစ်ကောင်စီ တပ်စခန်း၂၀ အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ၊ လွိုင်ကော်မြို့ကိုလည်း ဝိုင်းရံပိတ်ဆို့၍ စစ်ဆင်ရေးများ ဆင်နွှဲ လျက်ရှိပြီး မြို့ဧရိယာ သုံးပုံ နှစ်ပုံကျော်အား စိုးမိုးထားနိုင်ကြောင်း KNDF ထုတ်ပြန်ချက်၌ ပါရှိသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း၌လည်း ဖယ်ခုံ အခြေစိုက် စကခ ၇ ၏ ကာကင်းစခန်းများဖြစ်သည့် လွယ်ပတ္တာ၊ ကုန်းဆုံ စသော စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNDF က ဆိုသည်။
ကရင်နီပြည်ရှိ မြို့နယ်အသီးသီးတွင် စစ်ရှိန်မြင့်နေပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ မြေပြင်၌ အသာစီးရနေသဖြင့် စစ်ကောင်စီတပ်မှ လေကြောင်းကိုသာ အားထားတိုက်ခိုက်နေရသောကြောင့် ပြည်သူများ လုံခြုံရေးသတိရှိကြရန် လည်း KNDF က သတိပေးထားသည်။
ထို့အတူ ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ စစ်ကောင်စီစခန်းများကိုလည်း ကရင် အမျိုးသား အစည်းအရုံး (KNU) က ပိတ်ဆို့ တိုက်ခိုက်လျက်ရှိသလို ယခုလအတွင်း၌ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေရှိ စစ်တပ်စခန်းများဖြစ်သော ၂၈ နှစ် ကျော်ကြာလာရောက် တပ်စွဲထားသည့် ဘူဆာခီးစခန်း၊ ထီးကော်ပယ် (ထင်းရှူးတောင်) စခန်း၊ သီးမူပေါ်စိုးတို့မှာ စခန်းအားစွန့်ခွာ၍ ခလယ်လာရွာ (ဘောဂလိကြီး) ဘက်သို့ ဆုတ်ခွာသွားကြကြောင်း KNU က သတင်း ထုတ်ပြန် ထားသည်။
You may also like these stories:
စစ်ဗိုလ်ချုပ်များအပေါ် ရိုက်ခတ်ခဲ့သည့် ကရင် BGF ဂယက်
ကရင် BGF တပ်များ မြဝတီ ပြန်ဆုတ်
ဆီဆိုင်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ