ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ လက်နက်ပွဲစား ခရိုနီ ဒေါက်တာ ထွန်းမင်းလတ်အား ထိုင်းတရားရုံးက တရားသေလွှတ်ပေးလိုက်ကြောင်း The Nation သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ဒေါက်တာ ထွန်းမင်းလတ်သည် မြန်မာစစ်တပ်အတွက် အစ္စရေးလုပ် ကင်းထောက်ဒရုန်းများ၊ လေယာဉ်အပိုပစ္စည်းများ တင်သွင်းပေးနေသည့် Star Sapphire Group လုပ်ငန်းစုပိုင်ရှင်ဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ဘန်ကောက်မြို့၌ ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ယနေ့တွင် ထိုင်းတရားရုံးက ၎င်းတို့အားလုံးကို သက်သေအထောက်အထား ခိုင်လုံမှုမရှိဟုဆိုကာ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ တရားရုံး၏ ၃ နာရီကြာ တရားစီရင်ချက်တွင် အစိုးရရှေ့နေများ တင်သွင်းသည့် သက်သေအထောက်အထားများ အားနည်းလွန်းပြီး စွပ်စွဲခံရသူများဘက်က ကိုယ်ပိုင်အထောက်အထားများဖြင့် ပြန်လည်ချေပနိုင်ကြောင်း The Nation သတင်း၌ ဖော်ပြထားသည်။
ဒေါက်တာ ထွန်းမင်းလတ်သည် ထိုင်းနိုင်ငံ၏ အထက်လွှတ်တော်အမတ်တဦးဖြစ်သည့် Upakit Pachariyangkun အပါအဝင် တခြားထိုင်းလုပ်ငန်းရှင်တို့ ပူးပေါင်းတည်ထောင်ထားသော ထိုင်း-မြန်မာ ဖက်စပ်လုပ်ငန်းစု Allure Group မှတဆင့် ငွေကြေးခဝါချမှုများ ကျူးလွန်နေကြောင်း Justice for Myanmar က ထုတ်ပြန်ထားသည်။
Allure လုပ်ငန်းစုသည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့ကို လျှပ်စစ်ဓာတ်အား ရောင်းချပေးနေသော ကုမ္ပဏီဖြစ်သလို တာချီလိတ်မြို့ရှိ မြန်မာစစ်တပ်၏ စစ်ထောက်ချုပ်ရုံးက ပိုင်ဆိုင်သည့်မြေပေါ်တွင် ကာစီနိုလုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း Justice for Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေါက်တာ ထွန်းမင်းလတ်၏ Star Sapphire လုပ်ငန်းစုသည် စစ်လက်နက်ပစ္စည်းများ တင်သွင်းသည့်အပြင် မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသော ကုမ္ပဏီတခုလည်း ဖြစ်သည်။
ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်အား စစ်လက်နက်များတင်သွင်းပေးရာတွင် ထွန်းမင်းလတ်နှင့် ၎င်း၏ Star Sapphire လုပ်ငန်းစု ပါဝင်ပတ်သက်နေသည်ဟုဆိုကာ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။
You may also like these stories:
ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းက မူးယစ်မှောင်ခိုမှုဖြင့် တရားစွဲ
ထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခု ဖျက်သိမ်း
စစ်တပ်၏ လက်နက်ပွဲစား ဒေါက်တာ ထွန်းမင်းလတ် ထိုင်းတွင် အဖမ်းခံရ
လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ် ပိုင်ဆိုင်မှုများ ထိုင်းအစိုးရ သိမ်း
အပြစ်မရှိကြောင်း ထိုင်းတရားရုံးတွင် ထွန်းမင်းလတ် ငြင်း