စစ်တပ်အာဏာသိမ်း ၃ နှစ်ပြည့် အသံတိတ်သပိတ်၌ ဆိုင်မဖွင့်ဘဲ ပါဝင်သည်ဆိုကာ စစ်ကောင်စီက မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းရှိ ဆိုင်ခန်း၁၀၀ ကျော်ကို ၆ လ ပိတ်ရန် ယမန်နေ့ နေ့လယ်က စာများကပ်သွားကြောင်း ကျောက်ဝိုင်းလုပ်ငန်းရှင်များထံမှ သိရသည်။
ဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော်ရှိသော မဟာအောင်မြေကျောက်ဝိုင်းသည် လပြည့်လကွယ်ရက်များသာ ပိတ်လေ့ရှိကြောင်း၊ စစ်ကောင်စီတပ်၊ ရဲနှင့် စည်ပင်သာယာရေးအဖွဲ့များက ဖေဖော်ဝါရီ ၁ ရက်က မဖွင့်သည့်ဆိုင်များကို စာရင်းကောက်ကာ ၂၀၂၄ ဖေဖော်ဝါရီ ၂ ရက်မှ သြဂုတ်လ ၂ ရက်ထိ “၆ လ” ပိတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဟု ရေးထားသော စာများ ကပ်သွားခြင်းဖြစ်သည်။
မန္တလေးမြို့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တဦးက “အသံတိတ်သပိတ်မှာပါလို့ ပိတ်ခိုင်းတာပေါ့။ ဆိုင်ခန်းပေါင်း ၁,၁၀၀ ကျော်ထဲမှာ ၁၀၀ ကျော် အပိတ်ခံရတယ်။ ၆ လ ပိတ်ရမယ် ပြောတယ်။ အဲဒီနေ့ (ဖေဖော်ဝါရီ ၁ ရက်) က အဖွဲ့စုံလာတယ်။ တပ်၊ ရဲ၊ စည်ပင်၊ ထွေအုပ်၊ စရဖ ပါတယ်။ ကျနော့်မိတ်ဆွေတဦးဆိုရင် သူ့ဆိုင်ခန်းတွေ အကုန်ဖွင့်ထားတယ်။ တခန်းက အဲကွန်းတပ်ထားလို့ အုတ်ပိတ်ထားတာ အဲဒါကိုတောင် ပိတ်သိမ်းဆိုပြီး ထည့်လိုက်တယ်။ အုတ်နံရံတောင် ပိတ်တဲ့စာရင်း ထဲ ထည့်သွားတာ။ စည်ပင်ရုံးသွားပြောတော့ စာရင်းကောက်တာတဖွဲ့လို့ ပြောတယ်။ ကျောက်ဝိုင်းအကြောင်းမသိတဲ့ ကောင်တွေ စာရင်းလာကောက်သွားတာ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိအချိန်သည် တရုတ်နှစ်သစ်ကူး နီးနေပြီဖြစ်သောကြောင့် ကျောက်ဝိုင်းအတွင်း အရောင်းအဝယ်အေးနေကြောင်း၊ တချို့ဆိုင်ခန်းပိုင်ရှင်များကိုမူ စစ်ကောင်စီက ငွေကျပ် ၅ သိန်းမှ ကျပ်သိန်း ၂၀ ထိ တောင်းခံနေသည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “တချို့ဆိုင်ခန်းတွေလည်း ကျပ် ၅ သိန်း၊ ၇ သိန်း၊ ၁၅ သိန်းထိ တောင်းတယ် ပြောကြတယ်။ တိတိကျကျတော့ မသိသေးဘူး။ ဆိုင်ခန်းတွေ ပိတ်ခိုင်းတဲ့စာကတော့ မနေ့ နေ့လယ်ပိုင်းက လာကပ်သွားတာ” ဟု ပြောသည်။
ဆိုင်တချို့မှာ တရုတ်နှစ်သစ်ကူးချိန် အရောင်းအဝယ်ပါး၍ ယခင်ကတည်းက ပိတ်ထားခြင်းဖြစ်ကြောင်း၊ ယခု ၆ လ ပိတ်သိမ်းခံရမှုနှင့် ပတ်သက်၍ စည်ပင်ရုံးသို့ သွားရောက်ပြောဆိုခြင်းများ ရှိနေပြီး မည်သို့ဆက်ဖြစ်မည်ကိုမူ မပြောနိုင် သေးကြောင်း ကျောက်ဝိုင်းလုပ်ငန်းရှင်များထံမှ သိရသည်။
စစ်တပ်အာဏာသိမ်း ၃ နှစ်ပြည့်ဖြစ်သော ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ လမ်းမပေါ်မထွက်ဘဲ အသံတိတ်သပိတ် (Silent Strike) လှုပ်ရှားမှုကို နိုင်ငံအနှံ့ ပြုလုပ်ခဲ့သည်။
အဆိုပါသပိတ်တွင် ပါဝင်ပြီး ဆိုရှယ်မီဒီယာပေါ် ရေးသားသည်ဆိုကာ မန္တလေးမြို့မှ ပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့သလို အသံတိတ်သပိတ်နှင့် အဖြူရောင်လှုပ်ရှားမှုများအား ဓာတ်ပုံရိုက်ကူးခဲ့သည့် ရန်ကုန်မြို့မှ လူငယ် ၃ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ရန်ကုန်မြို့မှ လူငယ် ၃ ဦး ယင်းနေ့ည၌ပင် မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန် လက်မှတ်ထိုး၍ ပြန်လွတ်လာသော်လည်း မန္တလေးမြို့မှ ပြည်သူ ၃ ဦးမှာ ယနေ့အချိန်ထိ ပြန်မလွတ်လာသေးပေ။
ထို့ပြင် စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များကလည်း အသံတိတ်သပိတ် ကျင်းပသည့်နေ့တွင် ကျောက်ဝိုင်း၌ ပိတ်ထားသော ဆိုင်ခန်းများအား ရုပ်သံဖိုင်နှင့် မှတ်တမ်းများယူပြီး အရေးယူပေးရန် လှုံဆော်ရေးသားခဲ့ကြသည်။
မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) သည် မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားတွင် တည်ရှိပြီး ကျောက်စိမ်း၊ ကျောက်မျက်များ အရောင်းအဝယ်ပြုလုပ်ရာ မြန်မာနိုင်ငံ၏ အကြီးဆုံးကျောက်မျက်ဈေးဖြစ်ကာ အမြဲတမ်းဆိုင်ခန်း ၁,၁၀၀ ကျော်နှင့် ပျံကျ အုတ်ခုံ ၁၇၀ ကျော် ရှိသည်။
You may also like these stories:
မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ
သွေးမအေးကြောင်းပြဖို့ အသံတိတ်သပိတ်၌ ပါဝင်ရန် တက်ကြွလှုပ်ရှားသူများ တိုက်တွန်း
တိတ်ဆိတ်ခြောက်ခြားသွားစေတဲ့ ပြည်သူ့ အသံတိတ်သပိတ်