စစ်ကောင်စီ၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသော ရဲအရာရှိကြီး ၃ ဦးနှင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးတို့ ရာထူးမှ အနားပေးခံရကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။
နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ဗညားဦး၊ ရဲမှူးကြီး ညီညီထွန်းနှင့် နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ဒုရဲမှူးကြီး ခန့်ကိုအောင်တို့ကို မကြာမီ ရက်ပိုင်းက ရာထူးမှဖယ်ရှားလိုက်ပြီး စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်ကိုလည်း အနားပေးလိုက်ခြင်း ဖြစ်သည်။
ယင်းရဲအရာရှိကြီးများအား မည်သည့်အတွက်ကြောင့် အနားပေးလိုက်သည်ကို တရားဝင်ထုတ်ပြန်ခြင်း ရှိသော်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဖြစ်ခဲ့သည့် ရန်ကုန်မှ အိန္ဒိယနိုင်ငံသို့ ခရီးသည်လေယာဉ်ဖြင့် လိုက်ပါလာကာ ရွှေချောင်း နှင့်ရွှေတုံးများ သယ်ပေးသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား အိန္ဒိယနိုင်ငံလေဆိပ်တွင် ဖမ်းဆီးခံရသည့်ဖြစ်စဉ်နှင့် ဆက်စပ်နိုင် ကြောင်း CDM ရဲအရာရှိတဦးက သုံးသပ် ပြောဆိုသည်။
ထို့အပြင် ပြည်ထဲရေးဝန်ကြီး သို့မဟုတ် ရဲချုပ် အပြောင်းအလဲဖြစ်တိုင်း ၎င်းတို့၏ သြဇာအာဏာ ပိုမိုသက်ရောက်စေရန် ရဲတပ်ဖွဲ့ အတွင်းရှိ ယခင်လူကြီးများ ခန့်ထားခဲ့သော အရာရှိကြီးများအား အနားပေးခြင်း၊ ရာထူးမှဖယ်ရှားခြင်းများ ပြုလုပ် လေ့ရှိသည်ဟုလည်း CDM ရဲအရာရှိတဦးက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အတွင်း ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ရဲချုပ် ၃ ဦးထိ ပြောင်းလဲခန့်အပ်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်လကုန်ပိုင်း၌ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်အား ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်တိုးကာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ၃ နှစ်တာအတွင်း စစ်ခေါင်းဆောင်သည် စစ်ဘက်နှင့် ရဲဘက်တို့တွင် တာဝန်ထမ်းဆောင်နေသော အရာရှိကြီးများအား ရာထူးမှအနားပေးခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။
You may also like these stories:
မတူညီသော ရဲချုပ် နှစ်ဦး၏ တူညီသော နိဂုံး
တနင်္သာရီအခြေစိုက် ဒုတိုင်းမှူးနှင့် နယ်လုံဝန်ကြီးအား စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်နှင့် ရဲအရာရှိ ၃ ဦး အနားပေးခံရ