ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့တွင် စစ်ကောင်စီတပ်က သတင်းသမား ၁ ဦးအပါအဝင် အရပ်သား ၉ ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ဖေဖော်ဝါရီ ၁၁ ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၇၈ သည် မြောက်ဦးမြို့နယ်၌ အရပ်သား ၇ ဦးကို ဖမ်းထားပြီး ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၂ နာရီတွင် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
အသတ်ခံရသူများမှာ (၁) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ (၂) သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ (၃) ကိုကျော်သိန်းလှိုင်၊ (၄) ကိုကျော်ဝင်းလှိုင်၊ (၅) ကိုကိုညွန့်၊ (၆) ကိုဝင်းနိုင်နှင့် (၇) ကိုပြည့်စုံဝင်း တို့ ဖြစ်ကြောင်း သိရသည်။
ကိုကျော်ဇံဝေသည် မြောက်ဦးတွင် ဆိုင်ကယ်အပိုပစ္စည်း ရောင်းချပြီး ဟာသရုပ်သံဗွီဒီယိုများကို လူမှုကွန်ရက်၌ တင်လေ့ ရှိသည်။
ကိုကျော်ဇံဝေမှာ ရင်ဆို့အမည်နှင့် တေးသီချင်းများလည်း ရေးစပ်သီဆိုလေ့ရှိကာ လက်ရှိနိုင်ငံရေးအကြောင်း သရော်သည့် ပုံစံဖြင့် ရခိုင်ဘာသာစကားဖြင့်သီဆိုထားသော Exodus (အိပ်ဇိုးဒပ်) အမည်ရ သီချင်းနှင့် လူသိများသည်။
ကိုမြတ်သူထွန်း (ခ) ဖိုးသီဟသည် ပြည်တွင်းသတင်းဌာနများနှင့် ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနအချို့တွင် သတင်း ထောက်အဖြစ် အလုပ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး စစ်တပ် အာဏာမသိမ်းခင်ကတည်းက သတင်းထောက်အလုပ်ကို ရပ်နား ထားသူ ဖြစ်သည်။
ကိုကျော်ဇံဝေနှင့် ကိုမြတ်သူထွန်းတို့ကို စစ်ကောင်စီဘက်က ၂၀၂၂ စက်တင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ဖြူးခြင်းများ ပြုမူဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲ ကာ မြန်မာ့အလင်းသတင်းစာ၌လည်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။
မြောက်ဦးတွင် အသတ်ခံရသည့် ကျန်အရပ်သားများအကြောင်းကိုမူ ဧရာဝတီက စုံစမ်းနေဆဲဖြစ်သည်။
အရပ်သား ၇ ဦးကို စစ်ကောင်စီ၏ ခမရ ၃၇၈ တပ်မှ တပ်ဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့် ပစ်သတ်ပြီးနောက် ခမရ ၃၇၈ ဆေးရုံ အနီး ဗုံးခိုကျင်းထဲတွင် မြေမြှုပ်ခဲ့ခြင်းဖြစ်ကြောင်း AA ဘက်က ဆိုသည်။
သို့သော် ထိုသို့သတ်ဖြတ်မှု အသေးစိတ်အကြောင်းအရာများကို ဧရာဝတီအနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။
အလားတူ မင်းပြားမြို့တွင်လည်း စစ်ကောင်စီ၏ ခမရ ၃၇၉ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရသေ့တောင် မြို့ နယ်မှ ကိုညီညီအောင် (ခ) အောင်ဇော်ဝင်းနှင့် မင်းပြားမြို့နယ်မှ ဦးကျော်ညွန့် တို့ ၂ ဦးအား ဇန်နဝါရီ ၁၉ ရက်က တပ်ရင်း အချုပ်ခန်းထဲ၌ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ အရပ်သားများ အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီက လက်ရှိအချိန်ထိ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်သည် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်သည့် လုပ်ရပ်များကို ရခိုင်နှင့် ပလက်ဝဒေသတွင်မက မြန်မာ နိုင်ငံအနှံ့၌ ကျူးလွန်နေကြောင်း AA က ဆိုသည်။
စစ်ရာဇဝတ်မှု ကျူးလွန်သူများကိုလည်း AA ၏ အာရက္ခပြည်သူ့အစိုးရအနေနှင့် ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးသွားမည်ဖြစ်ပြီး ကျူးလွန်ခံရသော ကာယကံရှင်နှင့် မိသားစုများအတွက် တရားမျှတမှုရရှိရေး ပြတ်သားစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
You may also like these stories:
ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်
မျက်မြင်သက်သေတွေ ပြောတဲ့ ဒေါဆီးအီ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု