အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုများက တနိုင်ငံလုံးတွင် အတင်းအကျပ် စစ်သားစုဆောင်းမည့် စစ်ကောင်စီ၏ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာချက်ကို ရှုတ်ချနေသည်။
စစ်ကောင်စီသည် လူငယ် အမျိုးသား အမျိုးသမီး အားလုံး စစ်တပ်တွင် အနည်းဆုံး နှစ်နှစ် အမှုထမ်းရန် လိုအပ်သည့် ယခင်က အသုံးမပြုဖူးသောဥပဒေကို အသက်သွင်းကာ အတင်းအကျပ် စစ်သားစုဆောင်းနေသည်။
တနိုင်ငံလုံးမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများက အရှိန်မြှင့်တင်လာသည့် ထိုးစစ်များကို ရင်ဆိုင်ရချိန်တွင် စစ်ကောင်စီက ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။
အရပ်သားအစိုးရ NUG က စစ်ကောင်စီသည် “အကြမ်းဖက်အုပ်စု” ဖြစ်သည်ဟု ကြေညာပြီး စစ်တပ်သည် ထိုဥပဒေကို ကျင့်သုံးရန် အခွင့်အာဏာ မရှိသောကြောင့် အတင်းအကျပ် စစ်သားစုဆောင်းသည့်ဥပဒေသည် တရားမဝင်ဟု ကြေညာသည်။
သက်တမ်း ၆၅ နှစ်ရှိပြီဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးရန် စစ်ကောင်စီ၏ အားထုတ်မှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဘုံသဘောတူညီချက် ၅ ချက်ကို အတိအလင်း ဖောက်ဖျက်ခြင်းဖြစ်ကြောင်း NUG က ပြောသည်။
အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကလည်း ထိုစစ်သားစုဆောင်းသည့် ဥပဒေကို ပြစ်တင် ရှုတ်ချပြီး ထိုဥပဒေသည် နိုင်ငံရေးစနစ် ပြောင်းလဲလိုသည့် လူငယ်များနှင့် စစ်ကောင်စီကို ဆက်လက် ဆန့်ကျင်နေသည့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ၃၀၀,၀၀၀ ကို တိုက်ရိုက်တိုက်ခိုက်မှုအဖြစ် ရှုတ်ချသည်။
အတင်းအကျပ် စစ်သားစုဆောင်းမှုသည် အတင်းအကျပ် လုပ်အားခိုင်းစေမှုဖြစ်ပြီး စစ်မှုမထမ်းမနေရ ဥပဒေသည် နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို ဗြောင်ကျကျ ချိုးဖောက်သည်ဟု အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဖော်ပြသည်။
စစ်အင်အား ဆိုးရွားစွာ ချို့တဲ့နေသော စစ်တပ်က မြန်မာနိုင်ငံသားများကို အထမ်းသမား ပေါ်တာများအဖြစ် ပိုမိုဖမ်းဆီးလာမည်ကို စိုးရိမ်နေသည်။ ထိုဥပဒေသည် လူငယ်များကို လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းရန် ပိုမိုတွန်းအားပေးနိုင်သည်ဟုလည်း လေ့လာသူများက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ စတင်ပြီး ပြည်သူအများအပြားသည် ဘေးအန္တရာယ် ကင်းရှင်းရန်နှင့် ပိုမို ကောင်းမွန်သော ဘဝရရန် မြန်မာမှထွက်ပြေးပြီးဖြစ်ကြောင်း၊ အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေ ချမှတ်ပြီးနောက် အခြေအနေ ပိုမိုဆိုးရွားမည်ဟု မျှော်လင့်ရကြောင်း လေ့လာသူများက ပြောသည်။ မြန်မာမှ လူငယ်အများစုသည် နိုင်ငံမှထွက်ခွာရန် နည်းလမ်းများကို ရှာဖွေနေသည်။
စစ်ကောင်စီဆန့်ကျင်ရေး အထွေထွေ သပိတ်ကော်မတီကလည်း အရပ်သားအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းခိုလှုံလိုသော လူငယ်များကို ကြိုဆိုရန် တိုက်တွန်းသည်။ စစ်မှုမထမ်းမနေရဥပဒေကို မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကြေညာပြီးနောက် စစ်ကောင်စီတပ်သို့ဝင်ရန် အတင်းအကျပ်ပြုခံနေရသည့် လူငယ်များကို ကူညီရန်လည်း ထိုအဖွဲ့က တောင်းဆိုသည်။
အရွယ်ရောက်ပြီးလူငယ်များကို ဧပြီလနှောင်းပိုင်း သင်္ကြန်အားလပ်ရက်အပြီးတွင် စစ်မှုထမ်းရန်ခေါ်မည်ဟု စစ်ကောင်စီက ၎င်းတို့ မီဒီယာများမှ ပြောသည်။ တနိုင်ငံလုံးတွင် အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်းသည် စစ်မှုထမ်းရန် အကျုံးဝင်သည်ဟု ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းကို ကိုးကားပြောသည်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက စစ်မှုမထမ်းမနေရ ဥပဒေကို ပြစ်တင်ရှုတ်ချသောကြောင့် စစ်တပ် ထောက်ခံသူများသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မန္တလေး၊ ပြင်ဦးလွင်၊ မိတ္ထီလာနှင့် မကွေး အပါအဝင် မြို့ကြီးများမှ လမ်းမများပေါ်ထွက်လာပြီး ထိုဥပဒေကို ထောက်ခံကြောင်း ပြသကြသည်။
You may also like these stories:
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်
အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏ အဓိကအချက် ၆ ချက်
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်
ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား