မန္တလေး အောင်မြေသာစံမြို့နယ် ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ ၁၂ လမ်းရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးတွင် တိုးဝှေ့တန်းစီရာမှ လူအုပ်ပိကာ အသက်ရှုကျပ်၍ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ် ရာရသဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
သေဆုံးသူများမှာ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် အကွက် ၆၇ နေ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်မျိုးအေး နှင့် ညောင်ကွဲရပ်ကွက် အကွက် ၇ နေ ၃၉ နှစ်အရွယ် မခိုင်ဝေတို့ဖြစ်ပြီး၊ ညောင်ကွဲရပ်ကွက် အောင်သပြေရပ်နေ ၅၃ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ပတ်စပို့ရုံးအနီး နေထိုင်သူတဦးက “တနေ့ကို တန်းစီတာ အနည်းဆုံး လူ ၅ ထောင်လောက်ရှိတာမှာ လူ ၂၀၀ ပဲ ပေး တော့ နေရာရဖို့ အတင်းတိုးဝှေ့နေရတာကြောင့် အခုလိုမျိုး ဖြစ်သွားရတာ။ အရင်က ကြိုတင် ဘွတ်ကင်စနစ်နဲ့ ပေးနေ တာ အဆင်ပြေနေတာကို ပြောင်းလဲမှုတွေ လုပ်လိုက်တာမို့ အခုလို တိုးဝှေ့ကြရတာ။ အခုဖြစ်သွားတဲ့သူတွေကလည်း တကယ်လိုအပ်လို့ တိုးတဲ့သူတွေ မဟုတ်ဘူး” ဟု ဧရာဝတီကို ပြောသည်။
မန္တလေး ပတ်စပို့ရုံး၌ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်အချိန်တွင် တန်းစီတိုးကြရာမှ လူအုပ်ပိ၍ အသက်ရှူကျပ် သတိလစ် ဒဏ်ရာရ အမျိုးသမီး ၃ ဦးအား နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရာ အမျိုးသမီး ၂ ဦးသေဆုံးပြီး၊ တဦး ဆေးကုသမှုခံယူနေရကြောင်း နန်းတော် ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။
မန္တလေး နိုင်ငံကူး လက်မှတ်ထုတ်ပေးသည့်ရုံးတွင် နေ့စဉ် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၂၀၀ ဝန်းကျင်သာ လျှောက်လွှာ တင်ခွင့်ပြုသဖြင့် ည ၁၂ နာရီဝန်းကျင်မှစတင်၍ ညအိပ်စောင့်ဆိုင်းတန်းစီကြကြောင်း မြို့ခံများထံမှ သိရ သည်။
နိုင်ငံကူးလက်မှတ်ရုံးရှေ့၌ ရုံးဖွင့်ရက်များအတွင်း နေ့စဉ် ညအိပ်စောင့်ဆိုင်း တန်းစီကြသူများတွင် ပွဲစားများ၊ နေရာဦး ၍ ရောင်းစားကြသူများလည်း ပါဝင်နေရာ နေရာတခုလျှင် ငွေကျပ် ၂ သိန်းခန့်မှ ကျပ် ၈ သိန်းခန့်ထိ ဈေးပေါက်နေ ကြောင်း သိရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်က အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ လူငယ် လူရွယ်အများစုမှာ ပြည်ပသို့ ထွက်ခွာရန် ကြိုးစားနေကြသလို မန္တလေးတွင်လည်း နိုင်ငံကူးလက်မှတ်များ တိုးဝှေ့ ပြု လုပ်လာကြခြင်း ဖြစ်သည်။
ထို့အတူ ရန်ကုန်မြို့တွင်လည်း ပတ်စပို့ပြုလုပ်သူများပြားနေသလို၊ ထိုင်းနိုင်ငံသို့ သွားရောက်ကြရန် သံရုံးရှေ့၌ ဗီဇာပြုလုပ်ရေးအတွက် လူဦးရေအမြောက်မြား နေ့စဉ် စောင့်ဆိုင်းတန်းစီနေကြလျက်ရှိသည်။
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးအနေဖြင့် ဖေဖော်ဝါရီ ၁၉ ၊ ၂၀၊ ၂၁ ရက်တို့တွင် ဗီဇာလျှောက်ရန်အတွက် တုံကင်နံပါတ် ကြိုတင် ယူရမည်ဖြစ်ပြီး၊ ၁ ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံမည်ဖြစ်ကြောင်း ကြေညာထားသည်။
You may also like these stories:
ထိုင်းဗီဇာလျှောက်ထားမှု ကန့်သတ်ချက် ပြည်ပအမြန်ထွက်လိုသူများ အခက်တွေ့
တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်