ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြား ယမန်နေ့မှစတင်ကာ တိုက်ပွဲဖြစ်နေသဖြင့် ကားများ ဖြတ်သန်း၍ မရဘဲ ပိတ်မိနေကြောင်း မိုင်းပွန်ဒေသခံအချို့ထံမှ သိရသည်။
စစ်ကောင်စီဘက်က ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီမှ စတင်ကာ မိုင်းပွန်တံတားကြီးဂိတ်တွင် လမ်းပိတ်လိုက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းနေရာအနီးရောက်ရှိနေသော ခရီးသည်တင်ယာဉ်များနှင့် ကုန်ကားများမှာ ရှေ့ဆက်သွား၍ မရဘဲ လမ်းမပေါ်၌ ရပ်ထားရကြောင်း မိုင်းပွန်ဒေသခံက ဆိုသည်။
၎င်းက “ကားက အရမ်းများပါတယ်။ လမ်းမကြီးတလျှောက် ကားတွေအပြည့်ပါပဲ။ ခရီးသည်တွေရဲ့ အခက်ခဲကတော့ တချို့စားသောက်ဆိုင်တွေ ပိတ်ကုန်လို့ အစားအစာ ဝယ်မရတာ ရှိတယ်။ ဒါပေမယ့် ဒေသခံတွေက အစားအသောက် လှူဒါန်းပေးနေတာတွေလည်းရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဟိုပုံးမြို့နယ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၌ တည်ရှိကာ မြို့တော် တောင်ကြီးမြို့နှင့် ၁၂ မိုင်ခန့်သာ ကွာဝေးသည်။
ယနေ့ နံနက်ပိုင်းကလည်း ဟိုပုံးနှင့် မိုင်းပွန်ကြားဟု ယူဆရသည့်နေရာဆီမှ လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း၊ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ယင်းနေရာတကြော တိုက်ပွဲများဖြစ်လာပြီးနောက် မိုင်းပွန်မြို့ကို လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “တိုက်ပွဲက အခုထိဖြစ်နေတုန်းပဲဗျ ။ အဖွဲ့တွေကတော့ PNO( ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) ၊ စကစ ၊ ဟိုဘက်က SSPP( ရှမ်းပြည်တိုးတက်ရေးပါတီ) လို့တော့ပြောကြတယ်။ တချို့လည်း SSPP မဟုတ်ဘူး ပြောကြတယ်” ဟု ဆိုသည်။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များကမူ ဟိုပုံးနှင့် မိုင်းပွန်ကြားတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က ဒရုန်းတိုက်ခိုက်မှုလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရေးသားဖော်ပြသည်။
PNLA ပြောရေးဆိုခွင့်ရှိသူက “မနေ့ (ဖေဖော်ဝါရီ ၂၁) ကတော့ ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်း တနေရာမှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဖွဲ့က ကျနော်တို့ရဲ့လုံခြုံရေးစစ်ကြောင်းကို လာရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်တာရှိပါတယ်။ အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီနဲ့ PNO ပူးပေါင်းအဖွဲ့က အလောင်း ၄ လောင်းကျန်ရှိခဲ့ပါတယ်။ လက်နက်ငယ် ၄ လက်နဲ့ ကား ၁ စီး ၊ ၆၀ မမ လက်နက်ကြီးတလက်နဲ့ ကျည်ဆန်ခဲယမ်းတွေကို သိမ်းဆည်းရမိတာရှိပါတယ်” ဟု ဆိုသည်။
ယနေ့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မသိရသေးသလို လမ်းပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိဘဲ ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီ နောက်ဆုံးပတ်မှစ၍ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် PNLA ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး PNLA က မြို့အား လက်ရှိအချိန်ထိ ထိန်းချုပ်ထားသည်။
You may also like these stories:
ဆီဆိုင်မြို့တွင်း ပြန်ဝင်သည့် အရပ်သားများ လက်နက်ကြီးထိမှန်
PNLA နှင့် နေဝင်းထွန်း၏ ပအိုဝ်းပြည်သူစစ်တို့ ဆီဆိုင်၌ တိုက်ပွဲပြင်းထန်
ဆီဆိုင်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ