ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၇၈ တပ်ရင်းအတွင်း ကိုဖိုးလပြည့်နှင့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် ဖမ်းဆီးထားသည့် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အမိန့်ပေးစေခိုင်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝန်ခံထားသော ဗီဒီယိုဖိုင်များအား ရက္ခိုင့်တပ်တော် (AA) က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
မြောက်ဦးမြို့အား AA တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးရမိခဲ့သည့် ခမရ-၃၇၈ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုး၊ မြောက်ဦးခရိုင်ရဲမှူးကြီး ခင်မောင်စိုးနှင့် ခမရ-၃၇၈ တပ်ရေးဗိုလ်ကြီး အာကာမြင့်ဆိုသူတို့က ဖမ်းဆီးထားသော အရပ်သားများအား သတ်ဖြတ်ရန် အဆင့်ဆင့် အမိန့်ပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်ကို တွေ့ရသည်။
မြောက်ဦးရဲစခန်းတိုက်ခိုက်ခံရစဉ် ခမရ-၃၇၈ တပ်ရင်းသို့ ဆုတ်ခွာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကိုဖိုးလပြည့် အပါအဝင် အချုပ်သား ၇ ဦးကိုပါ ခေါ်ဆောင်သွားကာ တပ်ရင်းဗဟိုကင်းတွင် ချုပ်နှောင်ထားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ထိခိုက်မှုကြောင့် မြောက်ဦးအခြေစိုက် ခမရ-၃၇၇ တပ်ရင်း၌ ဆေးကုနေသည့် ခမရ-၃၇၈ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုးက ဇန်နဝါရီ ၂၃ ရက်တွင် အချုပ်သားများအား သတ်ဖြတ်ရန် ဒုတပ်ကြပ် သန်းအောင်မှတဆင့် ဦးစွာအမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူး သိန်းထိုက်စိုးက “ဇန်နဝါရီ ၂၃ ရက်မှာ ခမရ-၃၇၇ မှာ ဆေးကုသမှုခံယူနေတဲ့အချိန် ဒုတပ်ကြပ် သန်းအောင်နှင့်အဖွဲ့အား တပ်ရေးဗိုလ်ကြီး အာကာမြင့်ထံ သတင်းပို့၍ အချုပ်သား ၇ ဦးကို ရှင်းလင်းရန် ညွှန်ကြားချက်ပေးလိုက်ပါတယ်။ နောက်တနေ့မနက်မှာ ခရိုင်မှူး ရဲမှူးကြီး ခင်မောင်စိုး ရောက်ရှိလာပြီးတော့ အချုပ်သား ၇ ဦး သတ်သည့်ကိစ္စကို ဆွေးနွေး၍ ကျနော်တို့နှစ်ယောက် တပ်မမှူး မင်းမင်းထွန်းထံ သွားရောက်ခဲ့ပြီး အချုပ်သား ၇ ဦးမှာ ဗုံးစထိမှန်ပြီး သေဆုံးခဲ့ပြီဟု သတင်းပို့တင်ပြခဲ့ပါတယ်” ဟု ဝန်ခံပြောဆိုထားသည်။
ဗိုလ်မှူး သိန်းထိုက်စိုးထံမှ အမိန့်ရပြီးနောက် ဗိုလ်ကြီး အာကာမြင့်သည် ခရိုင်ရဲမှူးကြီး ခင်မောင်စိုးထံ ထပ်ဆင့်သတင်းပို့ခဲ့ကြောင်း သိရသည်။
ဗိုလ်ကြီး အာကာမြင့်က “အမိန့်ရရချင်းပဲ ကျနော်လည်း ခမရ ၃၇၈ မှာရှိနေတဲ့ ခရိုင်ရဲမှူးကြီး ခင်မောင်စိုးထံ ဆက်လက်တင်ပြခဲ့ပါတယ်။ ခရိုင်ရဲမှူးကြီးကတော့ ဆောင်ရွက်လိုက်ပါ။ ပြီးမှ ကြည့်ရှင်းပါမယ်ဆိုတဲ့ အဖြေရတာနဲ့ ကျနော်လည်း အဲဒါဆိုရင်တော့ ခရိုင်ရဲမှူးကြီးပဲ တပ်မမှူးဆီ ဆက်လက်သတင်းပို့ တင်ပြလိုက်ပါဆိုပြီးတော့ အချုပ်ခန်းသော့ကို ဒုတပ်ကြပ် သန်းအောင်ကို ပေးလိုက်ပါတယ်” ဟု ပြောသည်။
ရဲမှူးကြီး ခင်မောင်စိုးကလည်း အထက်အမိန့်အတိုင်း ဆောင်ရွက်ရန်နှင့် ပြီးမှဖြေရှင်းရန်ပြောဆိုခဲ့ကြောင်း ဝန်ခံထားပြီး အချုပ်သားများအား ခမရ-၃၇၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်သတ်သည်ဟု သိရကြောင်းလည်း ပြောထားသည်။
ကိုဖိုးလပြည့်နှင့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် ၇ ဦးကို ဒုတပ်ကြပ် သန်းအောင် ဦးဆောင်သည့်အဖွဲ့သည် မျက်လုံးများ ပုဝါစည်းပြီး လက်ထိပ်ခတ်ခဲ့ကာ တပ်ရင်းအချုပ်ခန်းမှ တပ်ရင်းဆေးခန်းကုန်းအောက်ရှိ ကတုတ်ကျင်း နေရာသို့ ခေါ်ဆောင်သွားပြီးနောက် ၁၅ မိနစ်ခန့်တွင် သေနတ်သံ ၇ ချက်၊ ၈ ချက်ခန့် ကြားခဲ့ရပြီး ဒုတပ်ကြပ် သန်းအောင်နှင့်အဖွဲ့က ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပြန်လည်သတင်းပို့ခဲ့သည်ဟု ဗိုလ်ကြီး အာကာမြင့်က ပြောထားသည်။
အချုပ်သားများအား ဗိုလ်မှူး သိန်းထိုက်စိုးအမိန့်ဖြင့် သတ်ဖြတ်ပြီးနောက် တပ်မမှူး မင်းမင်းထွန်းထံ ဗိုလ်မှူး သိန်းထိုက်စိုးနှင့် ရဲမှူးကြီး ခင်မောင်စိုးတို့ အတူတကွသွားရောက်တင်ပြရာတွင် အရေးယူခံရမည်စိုးသည့်အတွက် အမြောက်ဆန်ထိမှန် သေဆုံးခြင်းဖြစ်ကြောင်း လိမ်လည်တင်ပြခဲ့သည်ဟုလည်း ရဲမှူးကြီး ခင်မောင်စိုးက ပြောထားသည်။
၎င်းက “တရားခံများ ပစ်သတ်ခံရ၍ သေဆုံးသည်ဆိုပါက အရေးယူခံရမည်ဖြစ်သဖြင့် အမြောက်ဆန်ထိမှန်၍ သတင်းပို့သယောင် တိုင်ပင်ညှိနှိုင်းပြီး ကျနော်တို့နှစ်ယောက်အတူတူ တပ်မမှူး မင်းမင်းထွန်းထံ သွားရောက်ပြီး အချုပ်တရားခံ ဖိုးလပြည့်ပါ ၇ ဦး၊ တရားခံများအားလုံး အမြောက်ဆန်ထိမှန်၍ သေဆုံးသွားပြီဖြစ်ကြောင်း သတင်းပို့ခဲ့ပါတယ်” ဟု ဝန်ခံထားသည်။
အဆိုပါ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ဆန္ဒအရလုပ်ခဲ့ခြင်းမဟုတ်ဘဲ အထက်အမိန့်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တောင်းပန်ကြောင်း ဗိုလ်ကြီး အာကာမြင့်က ပြောထားသည်။
၎င်းက “အခုကိစ္စနဲ့ပတ်သက်ပြီး ကျနော့်သဘောဆန္ဒအလျောက် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲနဲ့ အထက်က ပေးအပ်တဲ့အမိန့်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် သေဆုံးသွားတဲ့သူတွေရဲ့ ကျန်ရှိနေတဲ့ မိသားစုတွေနဲ့ ရခိုင်ပြည်သူလူထုအားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ အခုလိုလုပ်ခဲ့တဲ့အတွက် ကျနော်တို့မှာ အပြစ်ရှိပါတယ်။ အဲဒီအတွက် ရခိုင်ပြည်သူလူထုအားလုံးက ပေးအပ်တဲ့အပြစ်ဒဏ်ကို ကျေကျေနပ်နပ်ခံယူပါ့မယ်” ဟု ဆိုသည်။
သတ်ဖြတ်ခံရသည့် အချုပ်သားများထဲမှ ကိုဖိုးသီဟ (ခ) ကိုမြတ်သူထွန်းသည် DVB သတင်းဌာန အပါအဝင် သတင်းမီဒီယာအချို့၌ သတင်းထောက် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၂ စက်တင်ဘာတွင် မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဖမ်းဆီးထားသည့် သတင်းသမားဟောင်းဖြစ်သူ ကိုဖိုးသီဟနှင့် အရပ်သားများအား စစ်ကောင်စီက သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး အမိန့်ပေးစေခိုင်းသူနှင့် အကောင်အထည်ဖော် လုပ်ဆောင်သူများအနေဖြင့် တချိန်ချိန်တွင် ဖြေရှင်းရမည်ဖြစ်ကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။
၎င်းက “ဒီလို စစ်ရာဇဝတ်မှု ကျူးလွန်တာတွေက လွယ်လွယ်နဲ့ပြီးသွားမှာမဟုတ်ဘူး။ တချိန်ကျရင် အဲဒီနောက်ဆက်တွဲ အကြီးအကျယ် ဖြေရှင်းရလိမ့်မယ်။ သတင်းသမားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားမယ်။ တချိန်မှာ ဒီဟာတွေကိုဖော်ထုတ်ပြီးတော့ အရေးယူနိုင်အောင် တာဝန်ရှိတဲ့ အထူးသဖြင့် အမိန့်ပေးတဲ့သူတွေကို အရေးယူနိုင်အောင် ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု ဆိုသည်။
နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် (IFJ)၊ မြန်မာသတင်းထောက်များကွန်ရက် (MJN) နှင့် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) တို့ကလည်း ကိုဖိုးသီဟ (ခ) ကိုမြတ်သူထွန်း အသတ်ခံရမှုနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူပေးရန် ထုတ်ပြန်တောင်းဆိုထားသည်။
You may also like these stories:
မှတ်တမ်းတင် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီ ဘူးခံ ငြင်း
မြန်မာစစ်တပ်ကို စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးသင့်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ပြော
မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ ပိုမိုပြင်းထန်လာကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ ထုတ်ပြန်