မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ခြမ်းရှိ ထယ်လှော်၊ ဇာဟော၊ ကျော်ရွာ၊ လာပို့စသည့် စစ်ဘေးရှောင်ကျေးရွာများတွင် ကလေးငယ်အများစုမှာ ရေကျောက်ရောဂါဖြစ်ပွားနေပြီး ဆေးဝါးအခက်အခဲများလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါကျေးရွာများသာမက အခြားသော ကျေးရွာများတွင်လည်း ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်ကာ ရေကျောက်ရောဂါ ဖြစ်ပွားနေပြီး တရွာလျှင် အသက် ၃ နှစ်မှ ၁၅ နှစ်အရွယ် ကလေးငယ်ဦးရေ အနည်းဆုံး ၅၀ မှ ၉၀ ကျော်ထိ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်ကူညီနေသူတဦးက “ကလေးငယ်အများစုမှာ ရေကျောက်တွေ ပေါက်နေကြတာပါ၊ သူက ကူးစက်တာလည်း မြန်တော့ စစ်ရှောင်ကလေးတွေ ဖြစ်တာများတယ်၊ စစ်ရှောင်ရွာ ၇ ရွာလောက်ထိ ဖြစ်နေကြတာ၊ တရွာကို ကလေး ၅၀ လောက်ထိ ဖြစ်နေတယ်၊ လာပို့ လို ရွာကြီးတွေဆိုရင် ၈၀ ကျော် ၉၀ လောက်ထိ ဖြစ်နေကြတာ”ဟု ပြောသည်။
ဂန့်ဂေါမြောက်ခြမ်းကျေးရွာများ၌ ယခင်ကလည်း ရေကျောက်ရောဂါဖြစ်ပွားမှုမျိုး ရှိခဲ့သော်လည်း နှစ်စဉ်ဖြစ်ပွားနေခြင်းမျိုး မဟုတ်ဘဲ လက်ရှိ ရောဂါ ဖြစ်နေသည့်ကလေးများတွင် အသက်အန္တရာယ် ထိခိုက်မှုမျိုးမရှိကြောင်း၊
ဖြစ်ပွားလျှင် အဖုအပိန့်များထွက်ပြီး အပြင်းဖျားသည်အထိ ခံစားရကာ အဖုအပိန့်များ အစုံထွက်ပြီးနောက် ရောဂါသက်သာလာပြီး ပျောက်ကင်းရန် ၁၀ ရက်ခန့် ကြာမြင့်ကြောင်း သိရသည်။
ရေကျောက်ရောဂါသည် ကူးစက်လွယ် ရောဂါဖြစ်သောကြောင့် ရေကျောက်ပေါက်သည့် ကလေးငယ်များအား နီးစပ်ရာ ကျန်းမာရေးဆရာများနှင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံ မြို့နယ်ကျန်းမာရေးအဖွဲ့များက ကုသပေးနေကြောင်း သိရသည်။
ထယ်လှော်ကျေးရွာသားတဦးက “ကျနော်တို့ ထယ်လှော်ဆိုရင် ဒေသခံဆေးဝါးအဖွဲ့တွေက လာပြီးတော့ ကုပေးနေတာ ရှိတယ်၊ နောက် အခြားရွာတွေမှာဆိုရင် NUG လက်အောက်ခံ ဆေးဝါးအဖွဲ့တွေက ကုပေးနေတာမျိုးတွေ ရှိပါတယ်၊ ကလေးတွေ ရေကျောက်ပေါက်တာတွေအပြင် ရာသီအကူးအပြောင်းဆိုတော့ ဖျားနာတာမျိုးတွေလည်း ရှိပါတယ်၊ နောက် စစ်ဘေးရှောင် ကြာနေတဲ့သူတွေကတော့ မသန့်တဲ့ရေတွေ သောက်ရလို့ ဆီးကျောက်တည်တာမျိုးတွေ ဖြစ်နေတာလည်း ရှိနေတယ်”ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီဂိတ်များ၏ တင်းကျပ်သော စစ်ဆေးရှာဖွေမှုများကြောင့် ဆေးဝါး သယ်ယူရန် မလွယ်ကူသဖြင့် ပုံမှန်ဆေးစွဲသောက်နေရသူများမှာ ဆေးဝါးရရှိရန်အခက်အခဲများဖြင့်လည်း ရင်ဆိုင်နေကြရကြောင်း သိရသည်။
စစ်ဘေးရှောင်ကူညီနေသူတဦးက “ဆေးဝါးတွေကို စစ်ကောင်စီက သယ်ယူခွင့် မပြုဘဲ ကန့်သတ်ခံထားရတော့ တော်တော်လေးကို ရှားပါးနေပါတယ်၊အရမ်းဝေးတဲ့မြို့တွေအထိသွားပြီး စစ်ကောင်စီနဲ့မတွေ့ရအောင် ရှောင်ကွင်း သွားလာပြီး သယ်နေကြရတယ်”ဟု ပြောသည်။
ဂန့်ဂေါမြို့နယ်မြောက်ခြမ်းရှိ စစ်ဘေးရှောင်ကျေးရွာများ၌ မိုးရာသီတွင်လည်း ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကြောင့် အသက်သေဆုံးမှုများ ရှိခဲ့သလို လက်ရှိ နွေရာသီသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သောက်သုံးရေ ရှားပါးမှုများ စတင်နေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
စစ်ဘေးရှောင်ကူညီနေသူတဦးက “တောထဲမှာ နေကြတဲ့သူတွေအတွက်ကတော့ ကန်ရေတွေလည်း ခမ်းလာပြီ၊ ရှိတာတွေကလည်း သန့်သန့်ပြန့်ပြန့် မရှိတော့ဘူး၊ ချောင်းနဲ့ နီးတဲ့သူတွေကတော့ ချောင်းရေကို သောက်ရေအဖြစ်နဲ့ သုံးနေကြရတယ်၊ မြစ်နဲ့နီးတဲ့သူတွေကတော့ အဲဒီလောက်ထိ ဆိုးဆိုးရွားရွား မဖြစ်သေးပါဘူး၊ အဓိကတော့ နွေပေါက်လာပြီဆိုတော့ သောက်ရေက ရှားလာနေပြီ၊ အချို့ဆိုရင် တောထဲမှာပဲ နေ နေရတာ ၂ နှစ်ကျော်နေကြပြီ”ဟု ပြောသည်။
ဂန့်ဂေါမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာများမှာ စစ်ကြောင်းလာချိန် တိမ်းရှောင်ကြပြီးနောက် ပြန်လည် ဝင်ရောက် နေထိုင်ကြသူများရှိသလို နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရမှုကြောင့် ကျေးရွာများအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ခြင်း မရှိသောသူများလည်းရှိနေရာ အချို့စစ်ရှောင်များမှာ ၂ နှစ်ကျော်ထိ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ဒေသခံတဦးက “တိုက်ပွဲတွေဖြစ်၊ စစ်ကြောင်းတွေ ဝင်လာပြီဆိုရင် လမ်းကြောင်းတွေက ပိတ်ကုန်တယ်၊ အဲဒီလိုအချိန်မျိုးဆိုရင် ဈေးဝယ်ဖို့တောင် မလွယ်တော့ဘူး၊ တခါပိတ်ရင် တပတ် အနည်းဆုံးကြာတယ်၊ ပြီးတော့ စစ်ကောင်စီကလည်း ရွာတွေဘက်ကို မသယ်ရဘူးဆိုတဲ့ ကန့်သတ်ပစ္စည်းတွေ အရမ်းများတော့ ပိုဆိုးတာပေါ့”ဟု ပြောသည်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် ဂန့်ဂေါမြို့ပေါ်သို့တက်၍ ဈေးဝယ်ယူကြရပြီး ကုန်စည်စီးဆင်းမှုအနေဖြင့် ဂန့်ဂေါမြို့ကိုသာ အားကိုးနေကြရကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ၌ စခန်းချထားသော စစ်တပ်နှင့် ပျူစောထီးအင်အား ၂၀၀ ကျော်သည် အနီးဝန်းကျင်ရှိ သင်တောနှင့် ရွှေဘိုရွာများသို့ ဝင်ရောက်၍ ဒေသခံ ၁၀ ဦးကို သတ်ဖြတ်ခဲ့သေးသည်။
ထို့ပြင် မကွေးတိုင်း၊ ကျေးရွာတခုတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က မြောင်ခင်ရန်းရွာမှ စစ်ဆင်ရေးတခုအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဖမ်းဆီးခံရသည့် ယောကာကွယ်ရေး တပ်ဖွဲ့ဝင်များဖြစ်သော အသက် ၂၀ ကျော်အရွယ် တော်လှန်ရေးသမားနှစ်ဦးကို အများပြည်သူ မြင်ကွင်းတွင် မီးရှို့သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။
You may also like these stories:
မြောက်ခင်ရန်း ပျူစောထီးတို့ ဒေသခံ ၁၀ ဦးကို သတ်ဖြတ်
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းအား အာဏာသိမ်းတပ် စစ်ကြောင်းထိုး
ဂန့်ဂေါ အရှင်လတ်လတ် မီးရှို့သတ်မှု ဂယက်ရိုက်