တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့ နယ်စပ်ကုန်သွယ်ရေး အပါအဝင် နယ်မြေ သဘောတူညီချက်၊ အခွန်ကောက်ခံမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ယူနန်ပြည်နယ် ကူမင်းမြို့၌ ယခုလ ၁ရက်မှ ၃ရက် အထိ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးမှုကို တရုတ်အပါအဝင် နှစ်ဖက်အဖွဲ့က တရားဝင် မထုတ်ပြန်သော်လည်း အပစ်အခတ်ရပ်စဲရေး၊ တပ်နေရာ ချ ထားမှုစသော နယ်မြေအခြေအနေများနှင့် နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း တရုတ်မှလာသော သတင်းများအရ သိရသည်။
ယနေ့ ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA)၏ သတင်းစာရှင်းလင်းပွဲတွင်လည်း ရှမ်းမြောက်ဒေသတွင် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၊ ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ၊ နယ်စပ်ဒေသ ထွက်ပေါက်များ တည်ငြိမ်ရေး ကိစ္စရပ်များအပေါ် စစ်ကောင်စီနှင့် ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း ဒု စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်း အောင်က ထည့်သွင်းပြောဆိုသွားသည်။
အွန်လိုင်းတွင် ပျံနှံနေသည့် သတင်းများအရ ယင်းဆွေးနွေးပွဲ သဘောတူညီချက်မှာ MNDAA ကို ရှမ်းပြည် အထူးဒေသ (ကိုးကန့်)၏ တရားဝင်အစိုးရအဖြစ် လည်းကောင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းထားသည့် မြို့များကို ၎င်းတို့အပိုင်အဖြစ် စစ်ကောင်စီမှ အသိအမှတ်ပြုပေးခဲ့ပြီး နှစ်ဖက်လုံးမှတပ်များ သဘောတထားသည့် နယ်မြေများမှ ရှေ့မတိုးဘဲ တပ်ခွာထား ရန်၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA)၊ MNDAA တို့က တရုတ်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားထိခိုက်မှု မှန်သမျှ ရှောင်ရှား၍ ကာကွယ်စောင့်ရှောက်ရန်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး၌ စစ်ကောင်စီ ၏ အကောက်ခွန်၊ ကုန်စည်စစ်ဆေးရေး၊ လူဝင်မှုကြီးကြပ်ရေးတို့ကို ထားကာ ပူးတွဲတာဝန် ယူရန် တို့ သဘောတူကြောင်း ဆိုကြသည်။
ဧရာဝတီမှ ရသော သတင်းအရမူ ကိုးကန့်ဒေသကို အထူးဒေသ(၁) အဖြစ် အသိအမှတ်ပြုရန်၊ နယ်မြေ သတ်မှတ်ရေး အတွက် အချို့နယ်မြေမှ တပ်များပြန်ဆုတ်ပြီးမှသာ ဆွေးနွေးရန်၊ အစိုးရအဖြစ် အသိအမှတ်ပြုသော သဘောတူညီချက် မပါဝင်စေရန် စကားလုံးအသုံးအနှုန်း အသေးစိတ်မှအစ ညှိနှိုင်းခဲ့ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ လမ်း တလျှောက် လက်နက်ကိုင်အဖွဲ့ပေါင်းများစွာရှိနေပါက ကုန်သွယ်ရေးလုပ်၍ မရနိုင်ကြောင်း၊ တပ်နေရာချထားရေးနှင့် ပတ်သက်၍ ထပ်မံဆွေးနွေးသွားမည်ဖြစ်ပြီး တပ်များလက်ရှိနေရာတွင် ရပ်ကာ အပစ်ရပ်ထားရန်၊ တပ်လှုပ်ရှားမှု မပြု ရန်သာ ဆွေးနွေးခဲ့ကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှစ၍ ရှမ်းပြည်မြောက်ပိုင်း၌ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်တော်(AA)နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ညီနောင် မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီဗျူဟာကုန်းများ၊ တပ်စခန်းများအပါအဝင် မြို့ရွာများကို “၁၀၂၇ စစ်ဆင်ရေး”ဖြင့် တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ မြို့ရွာနှင့် စခန်းပေါင်းများစွာ စွန့်ခဲ့ရသည့် စစ်ကောင်စီသည် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ညီနောင် မဟာမိတ် သုံးဖွဲ့နှင့် ယူနန်ပြည်နယ် ကူမင်းမြို့ တွင် တွေ့ဆုံကာ ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်ရပ်စဲရေး လုပ်ခဲ့သည်။
ယင်း သဘောတူညီချက်အရ ရှမ်းမြောက်ဒေသရှိ စစ်တပ်စခန်းများကို ညီနောင်မဟာမိတ်အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက် ခြင်း မလုပ်ရန်နှင့် စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ထား သောနေရာ များအား လေကြောင်း၊လက်နက်ကြီးများဖြင့် မတိုက်ခိုက်ရန်၊ တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးအား မထိခိုက်စေရန် နှစ်ဖက်အဖွဲ့အစည်းများ သဘောတူခဲ့ကြသည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
ဟိုင်ဂင်သဘောတူညီချက်အရ ရှမ်းမြောက်တွင် အပစ်အခတ် ရပ်သွားသော်လည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ လက်ရှိချိန်အထိ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သလို ရှမ်းမြောက်ဒေသ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ် ရေးဖြစ်သည့် ချင်းရွှေဟော်၊ မူဆယ်နယ်စပ် နယ်စပ်ကုန်သွယ်ရေးမှာလည်း လုံးဝ ရပ်ဆိုင်းခဲ့ရသည်။
You may also like these stories:
သေနတ်မောင်းတင်ထားသည့် ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်
တရုတ်ဖိအားအောက်က ဟိုင်ဂင် သဘောတူညီချက် ဘာလဲ ဘယ်လဲ
၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်