လာအိုနိုင်ငံ၊ လွမ်ဖရာဘန် မြို့၌ ယနေ့ ကျင်းပနေသော အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ အာဏာသိမ်း စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လာကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားသည် စီယမ်ရိ ခရိုင်တွင် ကျင်းပသော အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာစစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို တက်ရောက်ခွင့် မပေးခဲ့သလို ၂၀၂၃ ခုနှစ်၊ ဂျကာတာ၌ ပြုလုပ်သော ၁၇ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာဘက်မှ ပါဝင်ခဲ့ခြင်း မရှိဘဲ ယခု ပြုလုပ်သော အစည်းအဝေးတွင်မူ ကာကွယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံတကာရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်းက ဦးဆောင် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ အစည်းအဝေး တက်ရောက်လာခြင်းသည် ဒေသတွင်း အစုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လိုသော စစ်အစိုးရ၏ လိုလားချက် လက္ခဏာတရပ်အဖြစ် ရှုမြင်နိုင်ကြောင်း ကျိုဒိုသတင်းက ဆိုသည်။
ထိုင်းကာကွယ်ရေး ဝန်ကြီး စုတင်ကလောင်မ်ဆန်က ယနေ့အစည်းအဝေးတွင် မြန်မာပါဝင်မှုကြောင့် သက်ဆိုင်ရာနိုင်ငံနှင့် အဖွဲ့အစည်းများ အားလုံးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ကျိုဒိုသတင်းဌာန သို့ ပြောကြားသည်။
ယနေ့ပြုလုပ်သော အစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် ပတ်သက်၍ အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သော ဇန်နဝါရီလနှောင်းပိုင်းက မြန်မာစစ်အစိုးရ အကြီးတန်းအရာရှိနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများသည် လွမ်ဖရာဘန်တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသော အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားမှု စင်္ကြံတည်ဆောက်ရန် ထိုင်းနိုင်ငံ၏ အစပြုလုပ်ဆောင်ချက်ကို ထောက်ခံခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ယင်းနှစ် အောက်တိုဘာတွင် အာဆီယံသည် မြန်မာစစ်တပ်အား ဒဏ်ခတ်သည့် အနေဖြင့် အာဆီယံ အစည်းအဝေးများသို့ နိုင်ငံရေးနှင့် မသက်ဆိုင်သော အရပ်သား ကိုယ်စားလှယ်တဦးသာ တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို စစ်ကောင်စီဘက်ကလည်း သပိတ်မှောက်ပြီး ကိုယ်စားလှယ်မလွှတ်ဘဲ ထားခဲ့ရာမှ ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် အာဆီယံ ဒေသတွင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
You may also like these stories :
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ASEAN အစည်းအဝေး တက်ခွင့်မရ
အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်
အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော