ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) မှူး ဗိုလ်မှူး ချုပ် မင်းမောင် အား စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး စစ်ခုံရုံးဖြင့် စစ်ဆေးနေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။
“လောက်ကိုင်မှာ တပ်တွေ ပြန်ဆုတ်တုန်းက တပ်ပြန်ဆုတ်ဖို့ အမိန့်ကို ဒုချုပ်ဆီက ရလို့ဆုတ်ခဲ့တာ။ ဒါပေမယ့် မင်းအောင် လှိုင် (တပ်ချုပ်) က တိုင်းမှူး တင်ပြတဲ့အတိုင်း ဆုတ်ခွင့် ပေးမထားဘဲ တပ်ပြန်ဆုတ်လို့ဆိုပြီး ဖမ်းဆီးလိုက်တာ” ဟု နေပြည် တော်ရှိ ဧရာဝတီ သတင်းရင်းမြစ်တဦးက ဆိုသည်။
ထို့ပြင် ဗိုလ်မှူးချုပ် မင်းမောင်အား ဟိုပန်ဒေသတွင် တာဝန်ကျခဲ့စဉ်က ကျားဖြန့်လုပ်ငန်းရှင်များထံမှ လာဘ်ငွေ ရယူခဲ့သည် ဆိုသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်ကြောင်း သတင်းများလည်း ထွက်နေသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၄၀ (DSA-40) ကျောင်းဆင်း ဗိုလ်မှူးချုပ်မင်းမောင်သည် ဒေသကွပ်ကဲမှု လောက်ကိုင်စစ်ဌာနချုပ် (ဒကစ-လောက်ကိုင်) တွင် ဗိုလ်မှူးချုပ် ၆ ဦး လက်နက်ချရန် ဆွေးနွေးစဉ်က လက်နက် မချဘဲခံချမည်ဟု သဘောထားပေး ခဲ့သူလည်း ဖြစ်သည်။
လောက်ကိုင်မြို့အား MNDAA ဝိုင်းဝန်းပိတ်ဆို့ထားချိန်၌ ဗိုလ်မှူးချုပ် မင်းမောင်သည် လက်နက်မချဘဲ တပ်ဖွဲ့ဝင် အင်အား ၃၅၀ ကျော်နှင့် ပွိုင့် ၂၀၂၂ စခန်းသို့ ဆုတ်ခွာပြီးနောက် လာရောက်ခေါ်ဆောင်သော စစ်ရဟတ်ယာဉ်များဖြင့် တန့်ယန်းမြို့ရှိ အမှတ် ၃၃ ခြေလျင်တပ်ရင်းသို့ သွားရောက် ပူးပေါင်းခဲ့သူ ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လောက်ကိုင်တွင် လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးအား ဖမ်းဆီးစစ်ဆေးစဉ် စကခ -၁ မှူး ဗိုလ်မှူးချုပ် မင်းမောင်မှာ စစ်ဆေးမခံရဘဲ စကခ ၁ မှူးအဖြစ် ဆက်လက် ခန့်ထားခဲ့သည်။
လောက်ကိုင်ဒကစ တပ်တခုလုံး ဇန်နဝါရီလ ၄ ရက်က လက်နက်ချခဲ့ပြီးနောက် ဒကစမှူး အပါအဝင် အရာရှိစစ်သည်များ အား လားရှိုးမြို့သို့ ပြောင်းရွှေ့ထားခဲ့ကာ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ၌ တွဲဖက်ရုံးဖွင့်လှစ်၍ တပ်မ ၁၁ မှ ဗိုလ်မှူးကြီး မျိုးမင်းထွေးအား ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လောက်ကိုင်၏ ဌာနချုပ်မှူးအဖြစ် ဇန်နဝါရီ ၁၉ ရက် တွင် ခန့်အပ်ခဲ့သည်။
ထိုသို့ ခန့်အပ်ပြီး ၁ လကျော်အကြာတွင် လောက်ကိုင်ဒကစ ကို ဖျက်သိမ်းရန် ညွှန်ကြားခဲ့ပြီး ဒကစမှူးအဖြစ် ခန့်အပ်ထား သော ဗိုလ်မှူးကြီး မျိုးမင်းထွေး အား အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁) အဖြစ် ပြောင်းလဲ ခန့်အပ်လိုက် သည်။
ထို့နောက် လက်နက်ချခဲ့သည့် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူအား စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးပြီးနောက် စစ်ခုံရုံးက သေဒဏ် ချမှတ်ခဲ့သည်။