နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအမှတ် (၅၄) အား ယနေ့ နံနက်ပိုင်း၌ လေလံတင်ခဲ့ရာ ဝယ်ယူသူမရှိဘဲ လေလံပျက်သွားကြောင်း သိရသည်။
တရားရုံးနှင့် နီးစပ်သူတဦးက “လေလံဆွဲတဲ့သူမရှိဘူး။ တရားရုံးကို အစီအရင်ခံစာ ပြန်တင်ရမှာပေါ့။ ဒီနေ့ကတော့ လေလံပွဲက ပြီးသွားပြီ၊ ပျက်သွားပြီ” ဟု ပြောသည်။
ယနေ့ ဝယ်ယူသူမရှိ၍ လေလံပွဲပျက်သွားသော်လည်း တရားနိုင်ဖြစ်သူ ဦးအောင်ဆန်းဦးက အနိုင်ဒီကရီအတိုင်း ဆက်လက် ဆောင်ရွက်ခွင့်ရှိပြီး တရားရုံးကလည်း နောက်ထပ်လေလံပွဲကျင်းပရန် ထပ်မံလုပ်ဆောင်နိုင်သည်။
ကမာရွတ်ခရိုင်တရားရုံးက နေအိမ်လေလံတန်ဖိုးအနေဖြင့် ကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း (အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်) ဖြင့် လေလံတင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယနေ့ နံနက်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ် (၅၄/၅၆) ၌ လေလံပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါနေအိမ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ကတော်ဖြစ်သူ ဒေါ်ခင်ကြည် အမည်ပေါက်ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းကာ ၎င်းကွယ်လွန်သည်အထိ နေထိုင်ခဲ့သလို ယခင်စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ခန့် နေထိုင်ခဲ့သည့်အိမ် ဖြစ်သည်။
လတ်တလောတွင် နေအိမ်အား ကြမ်းခင်းဈေးသတ်မှတ်ကာ လေလံတင်ရန် ကမာရွတ်ခရိုင်တရားရုံး ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ပြင်ဆင်မှု ပြန်လည်လျှောက်ထားကြောင်း သိရသည်။
နေအိမ်လေလံကြမ်းခင်းဈေး သတ်မှတ်ရာတွင် ကာယကံရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား တစုံတရာမပါဘဲ ဈေးနှုန်းသတ်မှတ်မှုနှင့် လေလံပစ်ရန် ကြေညာဆောင်ရွက်ရာ၌ နည်းလမ်းတကျ မဆောင်ရွက်ခဲ့ဟုဆိုကာ ရှေ့နေအဖွဲ့က ပြင်ဆင်မှုလျှောက်ထားခြင်း ဖြစ်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီ စွပ်စွဲသည့်ပုဒ်မများဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံရပြီး နေပြည်တော်အချုပ်ထောင်၌ အကျဉ်းချခံထားရသည်။
ဒေါ်အောင်ဆန်းစုကြည်အား အမှုကိစ္စရပ်များနှင့်ပတ်သက်ပြီး ကာယကံရှင် ညွှန်ကြားချက်ရရှိရန် ရှေ့နေအဖွဲ့က အကြိမ်ကြိမ်တွေ့ဆုံခွင့် တင်ပြထားသော်လည်း စစ်ကောင်စီက ယနေ့အချိန်ထိ ရှေ့နေအဖွဲ့နှင့် တွေ့ဆုံခွင့်မပြုပေ။
ယင်းအိမ်နှင့်ပတ်သက်ပြီး အမွေခွဲရန် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ၂၀၀၁ ခုနှစ်ကတည်းမှစတင်ကာ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယခင် ထိုအိမ်အမွေမှုနှင့်ပတ်သက်ပြီး တရားရုံးက နှစ်ထပ်အိမ်ပါသည့်အခြမ်းအား ဒေါ်အောင်ဆန်းစုကြည်ယူရန်နှင့် ကျန်အခြမ်းကို ဦးအောင်ဆန်းဦးယူရန် အမိန့်ချခဲ့ဖူးသည်။
ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦးက ကျေနပ်မှုမရှိဘဲ နေအိမ်အားရောင်းချကာ ရရှိငွေကို တဝက်စီခွဲဝေယူရန် ထပ်မံလျှောက်ထားတောင်းဆိုမှုအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုလက်ခံခဲ့ပြီး ဦးအောင်ဆန်းဦး တောင်းဆိုချက်အတိုင်း ပြန်လည်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအိမ်အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၂၂ စက်တင်ဘာ ၂ ရက်တွင် ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ကြေညာထားသည်။
ယင်းအိမ်နှင့်ပတ်သက်ပြီး မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်းအသုံးချခြင်းများအား တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ (၁၉၈၇)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အရေးယူမည့်အပြင် လုပ်ဆောင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား အမည်ပျက်စာရင်း သွင်းမည်ဖြစ်ကြောင်း NUG က ပြောထားသည်။