နိုင်ငံခြားငွေ ဝယ်လိုအားတက်ခြင်းနှင့် ရွှေဈေးမြင့်တက်ခြင်းတို့ကြောင့် အမေရိကန် တဒေါ်လာ ၃,၈၀၀ ကျပ်အထိ မြင့်တက်လာသလို အကယ်ဒမီအခေါက်ရွှေဈေးမှာလည်း တကျပ်သား ၄၃ သိန်းကျော်အထိ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယခုလဆန်းပိုင်းတွင် တဒေါ်လာ ၃,၇၀၀ ကျပ်ဝန်းကျင်ရှိနေရာမှ စက်သုံးဆီ၊ စားသုံးဆီနှင့် ဓာတ်မြေဩဇာ သွင်းကုန်လုပ်ငန်းရှင်တချို့က ဒေါ်လာဝယ်ယူခြင်း၊ ပြည်ပအလုပ်အကိုင် အေဂျင်စီများဘက်မှ ဒေါ်လာဝယ်လိုအား များလာခြင်းနှင့် ရွှေဈေးမြင့်တက်လာခြင်းစသည်တို့ကြောင့် ယခုရက်ပိုင်းအတွင်း ငွေလဲလှယ်နှုန်းမှာ တဒေါ်လာလျှင် ၃,၈၀၀ ကျော်ထိ လိုက်ပါမြင့်တက်လာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ရန်ကုန်မြို့မှ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ကိုင်သူတဦးက “စစ်ကောင်စီရဲ့ ပို့ကုန်သမားတွေဆီရတဲ့ ဒေါ်လာငွေကို ချိန်းတဲ့ နှုန်းထားတာတွေ မမှန်တာနဲ့ ပြည်ပကို အလုပ်သွားလုပ်တဲ့ ကုမ္ပဏီတွေရဲ့ ဝယ်လိုအား တက်လာတာတွေ။ နောက် စက်သုံးဆီ လိုအပ်ချက်နဲ့ ဆီဖြည့်နေတာရယ်ကြောင့် ဒေါ်လာလိုအပ်နေတာရယ်၊ နောက်သွင်းကုန်သမား တချို့ ဝယ်တာရယ်ဆိုတော့ အဝယ်တွေ နည်းနည်းများသွားတာပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ဝယ်လိုအားများနေ၍ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်လာခြင်းဖြစ်သလို သင်္ကြန်ကာလ ခရီးသွားရာသီ နီးလာသောကြောင့် ဒေါ်လာဝယ်လိုအားမှာ ပုံမှန်ထက်မြင့်တက်နေခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ထို့ပြင် မတ်လဆန်းပိုင်းကလည်း ဈေးကွက်အတွင်း ကျပ်နှစ်သောင်းတန်ငွေစက္ကူ သတင်းကြောင့် ဒေါ်လာ၊ ထိုင်းဘတ် ဈေးနှုန်းများ မြင့်တက်ခဲ့သဖြင့် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နှစ်သောင်းတန်ငွေစက္ကူသစ်ကို အကန့်အသတ်နှင့်သာ ထုတ်ဝေမည်ဖြစ်ကြောင်း ထပ်မံကြေညာခဲ့သည်။
အလားတူ ပြည်တွင်းရွှေဈေးကွက်၌ ယခုလဆန်းပိုင်းက အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၃၈ သိန်း ဝန်းကျင်ရှိရာမှ ယနေ့တွင် ကျပ်သိန်း ၄၃ သိန်း ၄သောင်းကျော်အထိ မြင့်တက်လာကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်ကြီးတဦးက “ကမ္ဘာ့ရွှေဈေးကတော့ အခု ၁ အောင်စ ၂,၁၇၀ ဒေါ်လာလောက်မှာ တက်ပြီး အမြင့်ဈေးမှာ ငြိမ်နေတယ်။ ပြန်မကျဘူး။ ဒေါ်လာဈေးကတော့ ဆက်တက်နေတယ်။ ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေးတက်တာကြောင့်လည်း ပြည်တွင်း ရွှေဈေးကတက်လာတာပေါ့။ ဈေးတွေတက်တော့ အရောင်းအဝယ်ထိတယ်။ ပါးသွားတယ်။ ဖြစ်တဲ့ အရောင်းအဝယ်ကလည်း ခိုးကြောင်ခိုးဝှက်နဲ့ လုပ်နေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိဈေးကွက်အတွင်း ရွှေဈေး၊ ဒေါ်လာဈေးများ စံချိန်တင်မြင့်တက်နေသောကြောင့် စစ်ကောင်စီ၏ စောင့်ကြည့် ဖမ်းဆီးမှုများလည်း ရှိလာနိုင်သဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ် သတိထား၍ လုပ်ကိုင်နေရကြောင်း ၎င်းက ဆိုသည်။
Data for Myanmar က စစ်တပ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ပြည်တွင်း ရွှေဝယ်လိုအားသည် ရောင်းနိုင်သည့် ပမာဏထက်များနေခြင်း၊ ငွေစက္ကူရိုက်နှိပ်မှု ကောလာဟလ သတင်းများကြောင့် ရွှေဝယ်စုဆောင်းခြင်း၊ ရွှေထွက်သည့် ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း အစရှိသည်တို့ကြောင့် ရွှေဈေးနှုန်းများ စံချိန်တင်မြင့်တက်လျက်ရှိကြောင်း ယခုလ ၁၇ ရက်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဒေါ်လာဈေး၊ ဘတ်ဈေးများနှင့် ရွှေဈေးနှုန်းများ မြင့်တက်နေသဖြင့် သွင်းကုန်ကိုသာ အဓိက အားထားနေရသည့် မြန်မာနိုင်ငံအနေဖြင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာမည့် အခြေအနေလည်း ရှိနေသည်။
စစ်ခေါင်းဆောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲမှု အားနည်းချက်များကြောင့် စီးပွားရေးကျဆင်းမှုကို အာဏာသိမ်းပြီးနောက် ပြန်လည် နာလန်ထူလာစေရန် ကြိုးစားခဲ့သဖြင့်၂၀၂၁ မှ ၂၀၂၃ ခုနှစ်အထိ စီးပွားရေး ပြန်လည်ဦးမော့လာကြောင်း မတ်လ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ရုရှားမီဒီယာ ITAR-TASS Media နှင့် အင်တာဗျူးအစီအစဉ်၌ ထည့်သွင်းပြောဆိုခဲ့သည်။
You may also like these stories:
ရွှေကို သတ်မှတ်ဈေးဖြင့် မရောင်းပါက ဆိုင်ပိတ်ခံရမည်
ပြည်တွင်းရွှေ တကျပ်သား ကျပ်သိန်း ၄၀ ကျော်လာ
အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ