မြန်မာ့အရေးပြဿနာဖြေရှင်းရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် လက်တွဲပူး ပေါင်းနိုင်သောကဏ္ဍများအား ရှာဖွေဖော်ထုတ်သင့်သည့်အပြင် တကမ္ဘာလုံးက အာရုံစိုက်လာရေး ကြိုးပမ်းသင့်ကြောင်း နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG) က ယနေ့ ထုတ်ပြန်သော အစီအရင်ခံစာတွင် ထောက်ပြထားသည်။
တရုတ်အစိုးရနှင့် အနောက်နိုင်ငံများ၏ မြန်မာ့အရေးချဉ်းကပ်ပုံမှာ တပုံစံတည်းမတူညီသည့်တိုင် ထပ်တူကျသည်ဟု ကောက်ချက်ချနိုင်သဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကဲ့သို့ နိုင်ငံတကာစင်မြင့်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်းလည်း ICG က ပြောထားသည်။
ICG ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆီက “တရုတ်က နေပြည်တော်နဲ့ ပုံမှန်အားဖြင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်ပြီး သိပ်ကျေနပ်တာတော့မဟုတ်ဘူး။ ဒါကြောင့်လည်း ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ငြင်းဆန်ခဲ့တယ်။ ဒါ့ပြင် လွန်ခဲ့တဲ့လပိုင်းလောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ ကြီးမားတဲ့ ထိုးစစ်တခုကိုလည်း တရုတ်က တိတ်တဆိတ်ထောက်ခံခဲ့တယ်။ စစ်ကောင်စီအပေါ် ဘေဂျင်းရဲ့စိတ်ပျက်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကြား မြန်မာ့အရေးအဖြေရှာရာမှာ တူညီသဘောထားရရှိဖို့နဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပိုပြီးဖိအားပေးနိုင်ဖို့ အခွင့်အရေးတရပ်ပါပဲ” ဟု ပြောသည်။
တရုတ်အစိုးရအနေဖြင့် ပြည်တွင်းပဋိပက္ခအား အနိုင်အရှုံးအဆုံးအဖြတ် မပေးနိုင်သော်လည်း မြန်မာနိုင်ငံ၏ အရေးပါသည့် အင်အားစုများအပေါ် ဩဇာလွှမ်းမိုးနိုင်သောနိုင်ငံ ဖြစ်သောကြောင့် မြန်မာ့အရေးတွင် သံတမန်ရေးအရ ဆက်လက်အရေးပါနေမည်ဖြစ်ပြီး စစ်ကောင်စီအပေါ် ဘေဂျင်း၏ တိကျပြတ်သားသည့်မူဝါဒ မရှိခြင်းကလည်း အာဏာသိမ်းမှုအလွန် မြန်မာ့ပြည်တွင်းစစ်အား ပူးပေါင်းအဖြေရှာရေး နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းတရပ်ဖြစ်နေကြောင်း ICG က ဖော်ပြထားသည်။
ယမန်နှစ် အောက်တိုဘာ ၂၇ ရက်က တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်အတွင်း စစ်ကောင်စီအနေဖြင့် ကိုးကန့်ဒေသတခုလုံးနှင့် နယ်စပ်ကုန်သွယ်ရေးမြို့များအား လက်လွှတ်ခဲ့ရပြီးနောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် လတ်တလော အပစ်ရပ်ထားသည်။
အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအတွင်း တရုတ်အစိုးရ၏ စီမံကိန်းကြီးများ နှောင့်နှေးရပ်တန့်ခဲ့ရမှုနှင့် တရုတ်နိုင်ငံသားများအား ပစ်မှတ်ထားသော နယ်စပ်ဒေသရှိ ငွေလိမ်လုပ်ငန်းများကို အရေးယူတိုက်ဖျက်ရန် လျစ်လျူရှုမှုများကြောင့် စစ်ကောင်စီအပေါ် စိတ်ပျက်နေသည့် တရုတ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ နယ်စပ်ဒေသတွင် ဖော်ဆောင်သော စစ်ဆင်ရေးကို တိတ်တဆိတ်ထောက်ခံခဲ့သည်ဟုလည်း ICG က သုံးသပ်ထားသည်။
နယ်စပ်ဒေသတည်ငြိမ်ရေးနှင့်ပတ်သက်ပြီး တရုတ်အစိုးရအနေဖြင့် အလွယ်တကူကျိုးပျက်နိုင်သော အပစ်အခတ်ရပ်စဲရေး ရရှိရုံမဟုတ်ဘဲ ပိုမိုကျယ်ပြန့်သောမူဝါဒများ ချမှတ်ဖော်ဆောင်သင့်ပြီး ၎င်းဩဇာလွှမ်းမိုးသည့် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာနယ်မြေများတွင် တရားဝင်စီးပွားရေးလုပ်ငန်းများကို အားပေးအားမြှောက်ပြုသင့်သည့်အပြင် နယ်စပ်ဒေသ အုပ်စုဖွဲ့ကျူးလွန်သည့် ရာဇဝတ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တိုက်ဖျက်သင့်ကြောင်း ICG က ပြောထားသည်။
You may also like these stories:
မြန်မာ့ငြိမ်းချမ်းရေး တရုတ် ကြားဝင်မှု ထင်သလောက် မပေါက်နိုင်
မြန်မာ့အာဏာသိမ်းမှု ၃ နှစ်အကြာ တရုတ်သာ အမြတ်ထွက်
သြစတြေးလျ-အာဆီယံ ဆွေးနွေးပွဲ တရုတ်နှင့် မြန်မာအရေး လွှမ်းမိုးနိုင်