ရှမ်းမြောက်တွင် အပစ်ရပ်သဘောတူထားသည့် စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အနီး မတ် ၂၆ ရက်၌ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသော ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် MNDAA၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား ဟိုင်ဂင်သဘောတူညီမှုအဖြစ် အပစ်အခတ်ရပ်စဲထားချိန် ၂ လခွဲခန့်အကြာ၌ ပထမဆုံးအကြိမ် ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာြခင်း ဖြစ်သည်။
မတ် ၂၆ ရက်၊ နံနက် ၁၀ နာရီခွဲမှ စတင်ပြီး လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်ကွာဝေးသည့် ပိန်းကိုင်ကျေးရွာနှင့် လုံမွန်းကျေးရွာကြား စစ်ကောင်စီတပ်နှင့် MNDAA တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
လားရှိုးမြို့ကို လုံခြုံရေးယူထားသည့် မြို့ကပ်လျက်ရှိ ကုန်းညောင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၅၅ က စစ်ကြောင်းထိုးမှု ပြုလုပ်ချိန် MNDAA နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကုန်းညောင် ရွာခံတဦးက ပြောသည်။
၎င်းက “ခလရ-၅၅ က ရွာထိပ်မှာပဲ ရှိတာလေ။ သူတို့ (စစ်ကောင်စီတပ်) က စပြီး စစ်ကြောင်း အရင်ထိုးတဲ့သဘောပေါ့“ ဟု ဆိုသည်။
ယင်းနေ့ မွန်းတည့် ၁၂ နာရီခန့်တွင်လည်း ကုန်းညောင်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဦးတည်ပြီး လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသည် လားရှိုးမြို့အထွက် မိုင်းယော်တိုက်နယ်အနီး တည်ရှိပြီး ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက MNDAA နှင့် နိုင်ငံအနှံ့မှ စစ်အာဏာရှင်တော်လှန်သူများပါဝင်သော တိုင်းရင်းသားတပ်မဟာ (၆၁၁) တို့ လှုပ်ရှားရာနေရာများဖြစ်ကာ စစ်ကောင်စီဘက်က နယ်မြေကျော် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေများအား မသိရှိရသေးပေ။ အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဖက်တပ်များဘက်က သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးသလို MNDAA ပြောရေးဆိုခွင့်ရှိသူထံ ဧရာဝတီက စာပို့မေးမြန်းထားဆဲ ဖြစ်သည်။
ယနေ့တွင်မူ လက်နက်ကြီးပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း၊ ဟိုင်ဂင်သဘောတူညီမှုအရ နှစ်ဖက်တပ်ဖွဲ့များကြား ထိုးစစ်ဆင်မှုများ မပြုလုပ်ရန်ပါရှိပြီး ယမန်နေ့ တိုက်ပွဲသည် စစ်ကောင်စီဘက်မှ စတင်ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း လားရှိုးမြို့ခံ အမျိုးသားတဦးက ဆိုသည်။
လားရှိုးမြို့ မြို့လယ်ခေါင်တွင် တိုင်းစစ်ဌာနချူပ် အထိုင်ချထားသလို မြို့ပတ်ပတ်လည်၌ အမြောက်တပ်၊ ခြေလျင်ခြေမြန်တပ်မ ၅ ခုအထက် ရှိနေပြီး ပြည်သူ့စစ်တပ်ဖွဲ့များကိုလည်း လက်နက်တပ်ဆင်ပေးထားသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် ရှမ်းမြောက်ရှိ မြို့နယ်များကို စစ်ကောင်စီတပ်မှ တန်ပြန်ထိုးစစ်ဆင်မည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
ထို့ပြင် လားရှိုးမြို့အနီးတဝိုက် လောက်ကိုင်နှင့် ကွတ်ခိုင် မြို့သိမ်းတိုက်ပွဲအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်နက်ချအလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် တပ်ရင်မှူး၊ ဗျူဟာမှူးအဆင့်ရှိသူများထိ ရှေ့တန်းခုခံစစ်အတွက် ပြင်ဆင်ထားကြောင်းလည်း မြို့ခံများထံမှ သိရသည်။
ဟိုင်ဂင် သဘောတူညီမှုအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို စစ်ကောင်စီ သို့မဟုတ် ညီနောင်မဟာမိတ် ၃ ဖွဲ့အနက် စတင်ချိုးဖောက်သည့်အဖွဲ့ကို တရုတ်အစိုးရအနေဖြင့် အပြင်းအထန် ဖိအားပေးလာနိုင်ကြောင်း စစ်ရေးအရင်းမြစ်များက ဆိုသည်။
You may also like these stories:
လားရှိုးမြို့အနီး စစ်ကောင်စီတပ် ခံစစ်ပြင်
လောက်ကိုင်မြို့ အား သိမ်းပိုက်လိုက်ပြီဟု MNDAA ကြေညာ
စစ်ကောင်စီ တပ်မ ၅၅ မှတပ်ဖွဲ့များ MNDAA ထံ လက်နက်ချ
တရုတ်အလိုရှိသူ ကိုးကန့်ခေါင်းဆောင်ဟောင်း၏ ရွာ MNDAA ဝင်စီး