ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်မြို့နယ်အား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေးတပ်များက မတ်လ ၂၇ ရက်တွင် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိတွင် ဖာပွန်မြို့ပေါ်ရှိ ရပ်ကွက်အားလုံးကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားနိုင်သော် လည်း ဖာပွန်မြို့အနီးရှိ စစ်ကောင်စီဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း KNU သတင်းရင်းမြစ် တဦး က ဆိုသည်။
KNU ပြောရေးဆိုခွင့်ရှိသူ စောကလယ်စေးက “ဖြစ်စဉ်က မှန်ပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ တိုက်ပွဲ တွေကမပြီးသေးဘူး၊ အဲဒီမှာလည်း ဆက်သွယ်ရတာ ခက်တယ်။ လေကြောင်းကနေ ဗုံးတွေအမြောက်မြား ပစ်ချတာ မျိုးတွေ ရှိတယ်။ စစ်ကောင်စီဘက်ကတော့ သူတို့တပ်တွေ ကျဆုံးမှုတွေရှိတိုင်း ရွာတွေကို ပစ်နေကျပဲ။ ကျနော်တို့ အဖွဲ့တွေက မြို့အတွင်းထဲတော့ ရောက်နေကြပါပြီ” ဟု ဧရာဝတီကို ပြောသည်။
KNU အနေဖြင့် ၎င်းတို့ ထိန်းချုပ်နယ်မြေထဲရှိ စစ်ကောင်စီတပ်များကို တွန်းထုတ်သည့်ပုံစံမျိုးနှင့် စစ်ဆင်ရေးဆင်နွှဲနေ ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ တိုက်ပွဲတွင် ပါဝင်နေသော တော်လှန်တပ်ဖွဲ့ဝင်တဦးကလည်း “ဖာပွန်ကို မနေ့ညကတည်းက သိမ်းထားပြီ” ဟု ဆိုသည်။
စစ်ကောင်စီသည် ဖာပွန်မြို့ မကျရေး လေကြောင်းအင်အားသုံး၍ ဗုံးကြဲတိုက်ခိုက်သည့်အတွက် မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်အချို့ ပျက်စီးခဲ့သလို မြို့ခံများလည်း ဒဏ်ရာရ သေဆုံးမှုများရှိကြောင်း သိရသည်။
မတ်လ ၂၀ ရက် ဝန်းကျင်မှစ၍ KNLA ဦးဆောင်သော တော်လှန်ရေးအင်အားစုများသည် ဖာပွန်မြို့ဝန်းကျင်ရှိ စစ် ကောင်စီတပ်များကို ဝိုင်းပတ်ပိတ်ဆို့ထားရာ၊ ပိတ်ဆို့ခံထားရသော တပ်များ ထွက်ပေါက်ရရေး နေ့စဉ် လေကြောင်း ပစ်ကူပေး၍ တိုက်ခိုက်ပေးနေသည့်ကြားမှ တော်လှန်ရေးတပ်ပေါင်းစုများက မြို့အား ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ် သည်။
ဖာပွန်မြို့ရှိ ကျန်ရှိနေသေးသည့် စစ်ကောင်စီဗျူဟာကုန်းနှင့် ခလရ ၁၉ တို့အား ကရင်ပူးပေါင်းတပ်များ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်၍ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲပြန်ဖြစ်
KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ