ကရင်ပြည်နယ်၊ ဖာပွန်မြို့အမှတ်၂ ရပ်ကွက်ရှိ စစ်ဘေးရှောင်များခိုလှုံနေသည့် မြို့မရွှေကျောင်းကို စစ်ကောင်စီက ဗုံး ကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
မတ်လ ၃၁ ရက် နေ့လယ် ၁ နာရီအချိန်ခန့်တွင် ဖာပွန်မြို့ မြို့မရွှေကျောင်းသို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးသီးများ ပစ်ချခဲ့ခြင်းကြောင့် ယင်းကျောင်းသို့ လာရောက် ခိုလှုံနေကြသည့် ထက်ရှိုင်း၊ သီသီမင်း၊ ဦးကျော်မြတ်ခိုင်၏ သမီးတဦး၊ ဖိုးသာထူး၊ အောင်အောင် အစရှိသူတို့ သေဆုံးခဲ့ကာ ကျန် ၃ ဦး၏ အမည်များကို စုံစမ်းဆဲဟု ကေအဲန်ယူ တပ်မဟာ ၅ ရှေ့တန်း သတင်းရင်းမြစ်က ပြောသည်။
၎င်းက “ဘုန်းကြီးကျောင်းမှာ လာခိုလှုံတဲ့ပြည်သူတွေပေါ့နော်။ ရှောင်တဲ့အထဲမှာ ကျန်ခဲ့သေးသူတွေ။ သူတို့က မရှောင် ဘူး။ အခြေအနေကို ကြည့်ပြီးနေကြတဲ့ပုံစံဖြစ်နေတော့ ဗုံးလာကြဲတော့ ထိသွားတာ” ဟု ပြောသည်။
KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်မြို့အခြေစိုက် ခလရ ၁၉ နှင့် စစန ၆၄၂ တပ်စခန်းများကို ပူးပေါင်းတပ်များ က မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် သိမ်းပိုက်ပြီးနောက် ယမန်နေ့၌ လေကြောင်းမှ လာရောက် တိုက်ခိုက်ခြင်းဖြစ် သည်။

အဆိုပါ တပ်ရင်းများကို ထိုးစစ်မဆင်မီ ၅ ရက်ခန့်၌ မြို့ပေါ်ရှိဒေသခံများကို မြို့မရွှေကျောင်းတွင် စုဝေး၍ ဘေးလွတ် ရာသို့ ကာကွယ်ရေးတပ်များက ရွှေ့ပြောင်းပေးခဲ့ပြီး တချို့မှာ မရှောင်ဘဲ ကျန်နေခဲ့ခြင်းဖြစ်သည်။
ဖာပွန်မြို့ထဲရှိ ပြည်သူများကို ကာကွယ်ရေးတပ်များမှ မတ်လ ၂၆ ရက်ကတည်းက ခေါ်ထုတ်ပေးနေခြင်းဖြစ်သည်ဟု အမှတ် ၂ ရပ်ကွက်နေ အမျိုးသားတဦးက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ကျန်ရှိနေသေးသည့် ဒေသခံအားလုံးကို နေရာပြောင်းရွှေ့ပေးခဲ့သည်ဟု သိရသည်။
ဖာပွန်မြို့တောင်ဘက်တွင် အခြေချသည့် စစ်ဗျူဟာ အခြေချ စဗခ (၁) ရတခ လက်အောက်ခံ တပ်ရင်းစခန်းများ တည် ရှိရာ မယ်တရိုး၊ ဝေ မှုံ၊ တံခွန်တိုင်၊ ဝေဆာတို့နှင့် ကူးလူးဆက်သွယ်ရေး လမ်းအားလုံးကို ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များက မတ်လ ၁၉ ရက်မှစပြီး ပိတ်ဆို့ဖြတ်တောက်ထားပြီး စစ်ဆင်ရေး ဆင်နွှဲနေခြင်းဖြစ်ရာ စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းမှ လာရောက် တိုက်ခိုက်မှုများရှိနေသည်ဟု ရှေ့တန်း သတင်းရင်းမြစ်များထံက သိရသည်။
You may also like these stories:
ဖာပွန် ခလရ ၁၉ နှင့် စစန ၆၄၂ တို့ကို KNU သိမ်းပိုက်
စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး