ကရင်ပြည်နယ်၊ မြဝတီနှင့် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်( KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းများက ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သင်္ဃန်းညီနောင်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းမိထားကြောင်း ရှေ့တန်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့နံနက်အစောပိုင်းကတည်းက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး သင်္ဃန်းညီနောင် ဗျူဟာကုန်းနှင့် ဆေးရုံကုန်းကို နေ့လယ်ပိုင်းတွင် သိမ်းပိုက်ရရှိထားကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသလို စစ်သုံ့ပန်း ၂၀ ကျော်နှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။
မြဝတီမြို့ခံ အမျိုးသမီးတဦးက” လေယာဥ်ရော လက်နက်ကြီးသံတွေက မနေ့ညကတည်းက အခုထိ တနေ့လုံး ကြားနေရတယ်။ တပ်စခန်းတချို့ကို ပူးပေါင်းတပ်တွေ ရထားတယ်လို့ သိရတယ် “ဟု ပြောသည်။
KNLA နှင့် PDF ပူးပေါင်းတပ်တို့သည် စစ်ကောင်စီတပ်၏ သင်္ဃန်းညီနောင်ဗျူဟာကုန်းအား ကာပေးထားသော ခမရ-၃၅၅၊ ခမရ-၃၅၆နှင့် ခမရ-၃၅၇ တပ်ရင်းတို့အား မတ် ၇ ရက်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ခမရ ၃၅၅ နှင့် ခမရ ၃၅၆ အား မတ်လထဲတွင် ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ကာ ယခုအခါ နောက်ဆုံးလက်ကျန်ဖြစ်သော ခမရ- ၃၅၇ ကို ဆက်လက်ရှင်းလင်းနေဆဲဖြစ်ကြောင်း သိရသည်။

ဒေသခံအမျိုးသားတဦးက ” အဲဒီ တပ်ရင်းတွေနဲ့ ခမရ ၃၅၇ တပ်တွေက ညီနောင်ဗျူဟာကုန်းကို ဝိုင်းထားတာ ။ ဗျူဟာကုန်းကအလယ်မှာပေါ့ ။ ခမရ ၃၅၇ က တပ်မဟာ ၇ (မြဝတီ)အပိုင်ထဲတော့ ရောက်သွားတယ် ။ ညီနောင်ဗျူဟာကုန်းနဲ့ ဆေးရုံကုန်းက နောက်ကျောကပ်ပဲ “ဟု ပြောသည်။
ပူးပေါင်းတပ်များက မတ်လကတည်းက စတင်ကာ သင်္ဃန်းညီနောင် ဗျူဟာကုန်းအပါအဝင် မြဝတီမြို့အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ ၂၇၅ ကိုပါ ထိုးစစ်ဆင် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်း သတင်းရင်းမြစ်များထံမှ သိရသည်။
CDM ဗိုလ်မှူးတင်လင်းအောင် က “ညီနောင်ဗျူဟာကို ရသွားရင်တော့ ၂၇၅ က အဖေမဲ့သွားပြီပေါ့။ အဖေမဲ့သွားတဲ့အခါ ကျတော့ ကစင့်ကလျားဖြစ်သွားပြီး မြန်မြန်ကျမယ့်သဘောမျိုး ရှိသွားပြီပေါ့။ ၂၇၅ ကိုရပြီဆိုရင်လည်း မြဝတီက အလိုလို ရသွားပြီလို့ ပြောလို့ရတယ်။ ဌာနာဆိုင်ရာဝန်ထမ်းတွေရော၊ Non CDM တွေရော၊ ရဲတွေရော အကုန်လုံး ဘေးလွတ်ရာ ပြေးမယ့်သဘော ဖြစ်သွားပြီ။ သူတို့ကို လက်နက်ကိုင်ပြီး ကာကွယ်မယ့် ၂၇၅ မရှိတော့ရင် မြဝတီက အလိုလိုရတဲ့သဘော ဖြစ်သွားတာပေါ့ “ဟု ပြောသည်။
ပြီးခဲ့သော မတ်လကုန်ပိုင်းက မြ၀တီ၊ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၅ တပ်စခန်းအား ပြန်လည်ရရှိရေး စစ်ကူလာသော စစ်ကောင်စီတပ်များအား KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ စောင့်ကြိုပစ်ခတ်ရာ စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
You may also like these stories:
ဖာပွန်မြို့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး စစ်ရှောင် ၈ ဦး သေဆုံး
နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
ဖာပွန် ခလရ ၁၉ နှင့် စစန ၆၄၂ တို့ကို KNU သိမ်းပိုက်