ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ ၁ ရှိ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့၌ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) က ပြစ်မှုကျုးလွန်သူ ၁၀ ဦးအနက် ၃ ဦးအား ယမန်နေ့တွင် သေဒဏ်ပေးခဲ့ကြောင်း MNDAA နှင့် ဒေသခံများထံမှ သိရသည်။
MNDAA သည် လောက်ကိုင်မြို့ Fully Light ဟိုတယ် အရှေ့ဘက် တုန်ချိန်တံတားအနီး ယမန်နေ့( ဧပြီ ၂၄ ရက်) နံနက်ပိုင်းတွင် ပြစ်မှုကျူးလွန်သူ အမျိုးသား ၁၀ ဦးအား အများပြည်သူရှေ့မှောက် တရားစီရင်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကာ ၁၀ဦးထဲတွင် MNDAA တပ်သား ၇ ဦးပါဝင်ပြီး ဒေသခံ ၃ဦး ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
“၁၀၂၇ စစ်ဆင်ရေး”အတွင်း လောက်ကိုင်မြို့အား MNDAA က ဇန်နဝါရီ ၄ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး မြို့ပေါ် အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ပေးမှုပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ တရားစီရင်မှု အခမ်းအနားသို့ မဟာမိတ်တပ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နှင့် ခရိုင်အားလုံး၏ ဒေသဆိုင်ရာ အစိုးရများ၊ လူထုကိုယ်စားလှယ်များ၊ ကျောင်းသားကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တရုတ်ဌာနများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သလို ပြည်သူ ၁၀၀၀ ခန့်တက်ရောက်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
အချုပ်သား ၁၀ ဦးအနက် ၃ ဦးအား လောက်ကိုင်မြို့အပြင်ဘက် တောတွင်းတနေရာတွင် ခေါ်ဆောင်သွားပြီး သေဒဏ်ပေးခဲ့ကာ ရုပ်အလောင်းများအား မီးရှို့သဂြိုဟ်လိုက်ကြောင်း MNDAAနှင့် နီးစပ်သည့် လောက်ကိုင်မြို့မှ အမျိုးသမီးတဦးက ဧရာ၀တီကို ပြောသည်။
၎င်းက “ မနေ့က လူ အများကြီးပဲ စုအုံပြီး သွားကြည့်ကြတာလေ။ မြို့ထဲမှာပဲ သေဒဏ်ပေးလိုက်တာ မဟုတ်ပါဘူး။ မြို့ပြင်မှာပေါ့။ မီးခိုးငွေ့တွေလည်း တွေ့နေရတယ်လေ “ ဟု ဆိုသည်။
သေဒဏ်ပေးခံခဲ့ရသည့် အမျိုးသား ၃ ဦးသည် ပြန်ပေးဆွဲ၊ လူသတ်မှု ကျူးလွန်သူများဟု မြို့ခံများက ပြောဆိုနေကြပြီး ဧရာ၀တီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
MNDAA၏ သတင်းများအား ဖော်ပြနေသည့် The Kokang လူမှုကွန်ရက်စာမျက်နှာတွင် အထက်ပါရာဇ၀တ်ပြစ်မှု ၁၀ မှု၏ ဖြစ်ရပ်များကို အသေးစိတ်ရှင်းလင်းထားပြီး ပြစ်မှုကျူးလွန်သူများကလည်း ဝန်ခံထားသလို စစ်ခုံရုံးအား ဥပဒေနှင့်အညီ ပြင်းထန်စွာ ပြစ်ဒဏ်ပေးရန် တောင်းဆိုထားသည်ဟု ဆိုထားသည်။
ထို့ကြောင့် Brother Li၊ Luo Feiနှင့် Cao Yuxiang တို့အား သေဒဏ်ပေးခဲ့ပြီး ကျန်ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ပေါ်မူတည်၍ ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ကြောင်း၊ ထို့ပြင် ပြစ်မှုကျူးလွန်သူ MNDAA တပ်ဖွဲ့ဝင်အချို့အား သေဒဏ်၊ ထောင်ဒဏ် ချမှတ်ခြင်းနှင့်အတူ ရာထူးရုတ်သိမ်းပြီး ပါတီနှင့်စစ်တပ်မှ ထုတ်ပယ်လိုက်ကြောင်း MNDAA ကပြောသည်။
လောက်ကိုင်မြို့အပြင် MNDAA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့များတွင် ပြစ်မှုကျူးလွန်သူများအား သေဒဏ်ချမှတ်နိုင်သည့်အကြောင်း MNDAAဘက်က ထုတ်ပြန်ခဲ့ဖူးသည်ဟု ဒေသခံများထံမှ သိရသည်။
မြို့သိမ်းတိုက်ပွဲအပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် MNDAAမှ လောက်ကိုင်မြို့ အဝင်အထွက်အား ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ၇ ရက် (၁ပတ်) လည်ပတ်ခွင့်ထောက်ခံစာများအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်အသီးသီးမှ MNDAA ရုံးများ၌ ငွေကျပ် ၁၀၀၀ဖြင့် ထုတ်ပေးနေကြောင်း သိရသည်။
လက်ရှိတွင် လောက်ကိုင်မြို့သို့ ဌာနေတိုင်းရင်းသားများဖြစ်သည့် ကိုးကန့်၊ တအာင်း၊ ကချင်နှင့် ရှမ်းလူမျိုးအများစု ပြန်လည်ဝင်ရောက်နေပြီး ဟိုတယ်၊ စားသောက်ဆိုင်၊ ကုန်တိုက်နှင့် အခြား အလတ်စား စီးပွားရေးလုပ်ငန်းများဖြင့် ပြန်လည်စည်ကားစ ပြုလာနေပြီဟု လောက်ကိုင်မြို့ခံများက ဆိုသည်။
မြို့တွင်း တယ်လီဖုန်းလိုင်းအားလုံးပြတ်တောက်နေဆဲဖြစ်ပြီး တရုတ် တယ်လီဖုန်းလိုင်းများသာ အသုံးပြုနေရသလို လျှစ်စစ်မီးများလည်း ပြတ်တောက်နေသည့်အတွက် မီးစက်အစားထိုး အသုံးပြုနေရကာ ဓာတ်ဆီတလီတာ တရုတ်ယွမ် ၈ ကျပ် (ကျပ်ငွေ ၄၀၀၀)ခန့် ရှိကြောင်း သိရသည်။
ယခုနှစ် မတ်လဆန်းပိုင်းတွင်လည်း လောက်ကိုင်မြို့အနီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဒုတိယအများဆုံးရှိသည့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် MNDAAမှ ဂိတ်ဖွင့်လှစ်ပေးခဲ့ပြီး နေ့စဉ် ကြံကားနှင့် မီးသွေးကားများ ဝင်ရောက်နေကြောင်း သိရသည်။
“၁၀၂၇ စစ်ဆင်ရေး”အတွင်း ကိုးကန့်ဒေသတခုလုံးအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် MNDAAသည် တရုတ်ကြားဝင်မှုဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် စစ်ကောင်စီနှင့် အပစ်ရပ်သဘောတူပြီးနောက် ကိုးကန့်ဒေသ၌ တည်တည်ငြိမ်ငြိမ်နှင့် ပြန်လည် လည်ပတ်စပြုနေခြင်း ဖြစ်သည်။
You may also like these stories:
ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး
လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့
လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ
လောက်ကိုင်မြို့ အား သိမ်းပိုက်လိုက်ပြီဟု MNDAA ကြေညာ
စစ်ရေးအရ ပိတ်ဆို့ခံ လောက်ကိုင်မြို့ရှိ လုပ်ငန်းများ ရပ်ဆိုင်းလာ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR