ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ရွာ တိုက်နယ်ဆေးရုံနှင့် ညောင်ပင်လှရွာ အထက်တန်းကျောင်းတို့ကို မေလ ၁၄ ရက် ည ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားတချို့ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများရှိခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့ခံတဦးက ” ညောင်ပင်လှ အထက်တန်းကျောင်း အဆောက်အဦ ပြိုသွားတယ် ၊ အဲဒီမှာနေတဲ့ စစ်ရှောင် ၆ ယောက်လောက် ဒဏ်ရာရပြီး ၁ ဦး သေတယ်။ ဝဲကြီးထောင့်ဆေးရုံမှာတော့ သူနာပြု ဆရာမတချို့နဲ့ လူနာတချို့ ဒဏ်ရာရတယ်လို့ ပြောတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ဝဲကြီးထောင့်ဆေးရုံအား ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင် ဆေးရုံတခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးရုံဝန်ထမ်း၊ လူနာနှင့် လူနာစောင့် အရပ်သား စုစုပေါင်း ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရကာ သေဆုံးသူအချို့ရှိခဲ့ကြောင်း၊ လတ်တလော သေဆုံးသူ အရေအတွက်ကို အတိအကျမသိရသေးဘဲ ဒဏ်ရာရသူ ၂၀ ထဲတွင် ပြင်းထန်သူ ၅ ဦးခန့် ရှိကြောင်း အာရက္ခတပ်တော် (AA)က ယနေ့ ထုတ်ပြန်ထားသည်။
ရခိုင်ဒေသ၌ စစ်ပွဲတိုင်း ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူမျိုးရေး အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့် မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်နေခြင်းဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်း ဖြစ်ကြောင်း AA က ပြောသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက်နေပြီး မိမိတို့အနေဖြင့် စစ်ကောင်စီ၏ ယခုကဲ့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗုံးကြဲပြီးနောက် ယနေ့တွင် ကျောက်တော်ဈေးကြီးနှင့် ဆိုင်ခန်းများပိတ်ကာ မြို့ပေါ်ရပ်ကွက်များ၌ လမ်းသွား လမ်းလာများ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ်တောင်ပိုင်းရှိ ကင်းချောင်းကျေးရွာအား စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ဆေးရုံများအား ပစ်မှတ်ထားတိုက်ခိုက်မှုအနေဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက ကယားပြည်နယ် ဖယ်ခုံအနောက်ဘက်ရှိ လအိကျေးရွာမှ တိုက်နယ်ဆေးရုံနှင့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်ကြီးထောင့်ဆေးရုံ၊ ဖေဖေါ်ဝါရီလတွင် ရခိုင်ပြည်နယ် မင်းပြားမြို့ မင်းဖူးအရပ်ဘက်ဆေးရုံ၊ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလက စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းရွာ ဆေးရုံ၊ မတ်လအတွင်းက ကယားပြည်နယ် ဒေါတမကြီး ဆေးရုံ၊ဧပြီလက ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆောင်းဖွေး ပြည်သူ့ဆေးရုံ၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဗန်းမောက်မြို့နယ် ကြောင်လည်နှင့် မံယူးကြီးရွာရှိဆေးရုံ ၂ ရုံ စသည်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
You may also like these stories:
မင်းတပ်ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှု ၄ ဦး သေဆုံး
ရခိုင်နှင့် ပြည်မ ဆက်ထားသောလမ်းများ စစ်ကောင်စီ ပြန်ဖွင့်
တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR