ရန်ကုန်တိုင်း၊ မှော်ဘီမြို့ မြောင်းတကာသံမဏိစက်မှုဇုန်ရှိ တိရစ္ဆာန်အစာနှင့် ကြက်သားပေါက် ထုတ်လုပ်ရောင်းချနေသည့် ကိုရီးယားနိုင်ငံမှ CJ Feed Myanmar ကုမ္ပဏီသည် လုပ်သားအင်အား မလုံလောက်မှုနှင့် ကုန်ကြမ်းရရှိမှု အခက်အခဲများကြောင့် ယခင်ထက် လုပ်ငန်းလည်ပတ်နိုင်မှု ပိုမို ကျဆင်းလာ၍ ယာယီ ရပ်နားမည်ဖြစ်ကြောင်း မေလ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ကုမ္ပဏီအနေဖြင့် အရောင်းအဝယ် လုပ်ငန်းများ ခက်ခဲလာခြင်း၊ ကုန်ကြမ်း ကုန်ကျစရိတ်များ တိုးမြင့်လာခြင်းနှင့် ကုန်ကြမ်းရရှိမှု ခက်ခဲခြင်းတို့ကို ရင်ဆိုင်နေရသည့်အပြင် လုပ်သားအင်အား မလုံလောက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ယခု မေလ ၂၈ ရက်မှ စတင်ကာ ခေတ္တ ရပ်နားထားမည် ဖြစ်ကြောင်း၊ CJ ကုမ္ပဏီ၏ အရောင်းကိုယ်စားလှယ် ဖောက်သည်များအနေဖြင့် ကုန်ဖိုးကြွေးကျန်များအား လာမည့် ဇွန်လ ၂၈ ရက် နောက်ဆုံးထား၍ မပျက်မကွက် ပေးသွင်းကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကုမ္ပဏီ၏ လုပ်သားအင်အားအခြေအနေနှင့် လုပ်ငန်းရပ်ဆိုင်းရသည့် အသေးစိတ်အချက်အလက်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ ယာယီရပ်နားခြင်းဖြစ်ပြီး အသေးစိတ်အချက်အလက်များ ဖြေကြားရန် မရှိကြောင်း ပြောသည်။
အဆိုပါ CJ ကုမ္ပဏီသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ ၂၀၁၇ ခုနှစ်မှစတင်ကာ မှတ်ပုံတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအပါအဝင် ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အစရှိသည့်နိုင်ငံများတွင် တိရစ္ဆာန်အစာနှင့် ကြက်သားပေါက် ထုတ်လုပ်ရောင်းချသည့် စက်ရုံပေါင်း ၂၇ ရုံ ခန့်ရှိသော ကုမ္ပဏီကြီးတခု ဖြစ်ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်မှုများရှိခဲ့သည့်အနက် ကြက်၊ဘဲ၊ မွေးမြူရေးလုပ်ငန်း များမှာလည်း နယ်မြေ မတည်ငြိမ်မှုကြောင့် သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲများ ဖြစ်လာသလို မွေးမြူရေးအတွက် အဓိက လိုအပ်သော လျှပ်စစ်မီး မရ၍ မီးစက်အတွက် ဒီဇယ်ကို မှောင်ခိုဈေးဖြင့် ပိုပေးကာ ဝယ်ယူရခြင်း၊ ကုန်ကြမ်း ပစ္စည်းများ ဈေးတက်လာခြင်းစသည်တို့ကြောင့် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာကာ ပြန်လည်ရောင်းချရာတွင် တွက်ခြေ မကိုက်ခြင်း၊ ဈေးတင် ရောင်းပါကလည်း စစ်ကောင်စီမှ ခေါ်ယူစစ်ဆေးကာ ဈေးနှုန်းချခိုင်းခြင်းတို့ကြောင့် ဈေးကွက် ပျက်လာကာ ရှိသည့်လုပ်ငန်းကိုပင် ရသည့်ဈေးနှင့် ရောင်းချလာကြောင်း ကြက်၊ ဘဲ မွေးမြူရေးနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်ရေးလုပ်ငန်းရှင်ကြီးတဦးက ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ကြက်မွေးမြူရေးလုပ်ငန်းများတွင် မွေးမြူရေးသုံးသွင်းအားစုများဖြစ်သည့် အစာနှင့်ဆေးဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၊ အထွေထွေကုန်ကျစရိတ်နှင့် လုပ်အားခများမြင့်တက်လာခြင်းတို့ကြောင့်လည်း အသားစားကြက်နှင့် ဥစားကြက် မွေးမြူရေးလုပ်ငန်းအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ရပ်နားလာရခြင်းများရှိကြောင်း ကြက်မွေးမြူရေး လုပ်ငန်းရှင်များထံက သိရသည်။
ယင်းကဲ့သို့ လုပ်ငန်းများရပ်ဆိုင်းနေသော်လည်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၇ ခု ကို ခွင့်ပြုပေးခဲ့ကြောင်း ယခုနှစ် မေလ ၇ ရက်က ထုတ်ပြန်ခဲ့သည်။
ခွင့်ပြုခဲ့သော လုပ်ငန်းများမှာ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံတည်ဆောက်ရေးကဏ္ဍတို့ဖြစ်ပြီး အဆိုပါလုပ်ငန်းများ၏ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၁ သန်းနှင့် ကျပ် ၂၈၂,၇၀၂ ဒသမ ၈၉၅ သန်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၄၊ ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသောနိုင်ငံများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။
You may also like these stories:
မြန်မာ့စီးပွားရေး ဆက်လက် ထိုးဆင်းနေ
ကြက်ဘဲ မွေးမြူရေးလုပ်ငန်းများ သုံးပုံတပုံခန့် ရပ်ဆိုင်းလာ
လျှပ်စစ်မီး၊ စက်သုံးဆီ အခက်အခဲကြောင့် မန္တလေးရှိ အိမ်တွင်းလုပ်ငန်းများ ရပ်နား
ဓာတ်အားလိုအပ်ချက် ထက်ဝက်သာပေးနိုင်
တဒေါ်လာ ၂၁၀၀ ကျပ် နှုန်းထား စစ်ကောင်စီ ဖျက်သိမ်းလိုက်ပြီလား
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR