လေလံတင်ရောင်းချနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမွေဆိုင်အိမ်အား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက လေလံကြမ်းခင်းဈေး လျှော့ချပေးရန် ယမန်နေ့၌ ကမာရွတ်ခရိုင်တရားရုံးကို တင်ပြခဲ့ကြောင်း သိရသည်။
အသစ်တင်ပြသည့် လေလံကြမ်းခင်းဈေးမှာ ကျပ်သိန်းပေါင်း နှစ်သန်း ရှစ်သိန်း ငါးသောင်း ( ၂,၈၅၀,၀၀၀,၀၀၀,၀၀ ကျပ်) ဖြစ်သည်။
မူလသတ်မှတ်ထားသည့် လေလံကြမ်းခင်းဈေးမှာ ကျပ်သိန်းပေါင်း သုံးသန်း တစ်သိန်း ငါးသောင်း ဖြစ်သည့်အတွက် ဦးဆောင်ဆန်းဦးက ကျပ်သိန်းပေါင်း သုံးသိန်း လျှော့ပေါ့တင်ပြလာခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် မတ် ၂၀ ရက်က မူလဈေးနှုန်းဖြင့် ပထမအကြိမ်လေလံတင်ခဲ့ရာ ဝယ်ယူသူမရှိဘဲ လေလံပျက်ခဲ့သည်။
လက်ရှိတွင် နေအိမ်လေလံတင်ရောင်းချမှု ထပ်မံပြုလုပ်ရန် ဦးဆောင်ဆန်းဦးဘက်က ပြန်လည်၍ ဈေးနှုန်းလျှော့ချ တင်ပြလာခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်မှ လာမည့် မေ ၃၁ ရက်နေ့ ရုံးချိန်း၌ အဆိုပါ ဈေးနှုန်းလျှော့ချတင်ပြထားမှုအား ကန့်ကွက်တင်ပြရန် ရှိနေကြောင်းလည်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
လေလံတင်နေသည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ် (၅၄/၅၆) သည် ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းပြီး ဗိုလ်ချုပ်အောင်ဆန်း၏ကတော်ဖြစ်သူ ဒေါ်ခင်ကြည် အမည်ပေါက် ဖြစ်သည်။
ထိုအိမ်အား ရောင်းချပြီးခွဲဝေယူရန် ဦးအောင်ဆန်းဦးက ၂၀၀၁ တွင် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ဦးအောင်ဆန်းဦးအား အနိုင်ပေးကာ လေလံတင်ရောင်းချရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခင်စစ်အစိုးရလက်ထက်က ထိုအိမ်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ခန့် နေထိုင်ခဲ့ရသည်။
လက်ရှိ အာဏာသိမ်းစစ်တပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မအမျိုးမျိုးဖြင့်စွပ်စွဲပြီး ထောင် ၃၃ နှစ် ချမှတ်ကာ အကျဉ်းချထားသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လေလံ မအောင်မြင်သည့် နောက်ကွယ်
ဒေါ်အောင်ဆန်းစုကြည်အိမ် ဝယ်သူမရှိဘဲ လေလံပျက်
ဒေါ်အောင်ဆန်းစုကြည်အိမ် ခြံအမှတ်-၅၄ ကို လေလံတင်ရောင်းချရန် တရားရုံးဆုံးဖြတ်