ချင်းပြည်နယ်၊ မတူပီမြို့နှင့် ၆မိုင်ခန့်အကွာ မတူပီ-ဟားခါးလမ်းပေါ်ရှိ စစ်ကောင်စီအင်အား ၄၀နီးပါးဖြင့် တပ်စွဲထားသော ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi က မေလ ၃၀ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခရိုင်အုပ်ချုပ်ရေးမှူးရုံးသည် ဖနိုင်ကျေးရွာအနီးရှိ ခြေလျင်တပ်ရင်း-ခလရ ၁၄၀နှင့် ၃မိုင်ကျော်ကွာဝေးပြီး ထိုရုံးကို သိမ်းပိုက်နိုင်ခြင်းအားဖြင့် ခလရ ၁၄၀ ကို သိမ်းပိုက်ရန် လမ်းပွင့်သွားကြောင်း သိရသည်။
CDFမတူပီ တပ်မဟာ၂ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်ကိမ်းက “အဲဒီရုံးက ကျနော်တို့ မတူပီမြို့ကို ဝင်လို့မရအောင် တားထားတဲ့နေရာပေါ့။ ဒီခရိုင်ရုံးကို သိမ်းလို့ရပြီဆိုတော့ ခလရ ၁၄၀ကို ကျနော်တို့ ဝင်သိမ်းလို့ရတဲ့ လမ်းတွေ ပွင့်သွားတယ်။ အဲဒီရုံးရှိတုန်းက ကျနော်တို့ ဖနိုင်ရွာကိုတောင် ဝင်လို့မရတဲ့အနေအထားပေါ့။ကျနော်တို့ ဖနိုင်ရွာကိုသွားချင်ရင် အဝေးကြီးကနေ ကွေ့ပတ်သွားရတဲ့နေအထားပေါ့”ဟု ပြောသည်။
ထို့အပြင် မတူပီမြို့နယ်ထဲရှိ ကျေးရွာများမှ ပြည်သူများအတွက်လည်း သွားလာမှု အဆင်ပြေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၎င်းက”မတူပီမြို့ပေါ်ကို တခြားသော ရွာတွေကနေ စစ်ရှောင်ချင်တဲ့သူတွေရှိတယ်။ အဲဒီအခါ ဒီခရိုင်ရုံးကို ဖြတ်ကိုဖြတ်ရမှာ၊ မဖြတ်လို့လည်းမရဘူး။ အဲဒီကားလမ်းတလမ်းပဲရှိတာ။ သူတို့ရှိနေတဲ့အခါမှာ ပြည်သူတွေက စိတ်မလုံခြုံတာတွေ ရှိတယ်”ဟု ပြောသည်။
အဆိုပါရုံးသည် မတူပီ-ဟားခါးလမ်းဘေးရှိ ဖနိုင်ကျေးရွာနှင့် ငလိုင်ကျေးရွာအကြား တည်ရှိကာ ၆၀ရာခိုင်နှုန်းခန့်သာ ဆောက်လုပ်ပြီးစီးသေးသောကြောင့် အရပ်ဘက်ဝန်ထမ်းများ တာဝန်ထမ်းဆောင်ခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်များသာ တပ်စွဲနေထိုင်လေ့ရှိကြောင်း၊ မတူပီမှ ဟားခါးဘက်သို့ စစ်ဆင်ရေးများပြုလုပ်ပါက အင်အား ၁၀၀ကျော်အထိ တပ်စွဲ နေထိုင်လေ့ရှိကြောင်း သိရသည်။
ကိုနိုင်ဂျွန်ကိမ်းက” ကျနော်တို့က ခုထိတော့ နယ်မြေရှင်းလင်းတာတွေ မိုင်းရှင်းလင်းတာတွေပဲ လုပ်နိုင်သေးတယ်။ ဒီနေ့မှ စဆောင်ရွက်တယ်။ ခရိုင်ရုံးထဲမှ သွေးတွေတော့ အများကြီး တွေ့တယ်။ သူတို့ဘယ်လောက်ကျလဲဆိုတာတော့ ကျနော်တို့ ပြောလို့မရဘူး”ဟု ဆိုသည်။
ဖနိုင်ကျေးရွာဒေသခံတဦးကမူ စစ်ကောင်စီတပ်သားများက ဒဏ်ရာရထားသော ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို သယ်ပိုးကာ ဖနိုင်ကျေးရွာမှတဆင့် မတူပီမြို့ပေါ်နှင့်၂မိုင်ကျော်ကွာဝေးသော ခြေလျင်တပ်ရင်း- ခလရ ၁၄၀အတွင်းသို့ ခေါ်ဆောင်သွားသည်ကို တွေ့ရှိကြောင်း ပြောသည်။
၎င်းက” သူတို့တွေ သယ်ပိုးပြီးတော့ သူတို့တပ်ရင်းထဲ ဝင်သွားကြတာပဲ။ အတိအကျတော့ မသိဘူး။ ကျနော်တို့လည်း ကြောက်တော့ သေချာလည်း မကြည့်ရဲကြဘူး။ သယ်လာကြတာတော့ များတယ်”ဟု ပြောသည်။
မတူပီမြို့ မြောက်ဘက်တွင် ဟားခါးမြို့နယ်၊ တောင်ဘက်၌ပလက်ဝမြို့နယ်၊ အရှေ့ဘက် မင်းတပ်မြို့နယ်နှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ရှိပြီး မကွေးတိုင်းသို့လည်း မင်းတပ်-ပခုက္ကူလမ်းမှတဆင့် သွားလာနိုင်သော ခရိုင်မြို့ ဖြစ်သည်။
ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် မတူပီမြို့ပြင်ဂိတ်များ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မတူပီမြို့ရှိ စစ်ကောင်စီ ခြေလျင်၊ခြေမြန်တပ်ရင်းများထံ သွားရောက်ပူးပေါင်းနေကြပြီး ယနေ့တွင် တိုက်ပွဲများ ငြိမ်သက်နေကြောင်း သိရသည်။
မတူပီမြို့ပေါ်တွင်လည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်များရှိပြီး ထိုဂိတ်များမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်ဖွဲ့ဝင်များရှိရာ မြို့နယ်ထွေအုပ်ရုံးနှင့် ရဲစခန်း၌သွားရောက်ပူးပေါင်းနေကြကြောင်း သိရသည်။
မတူပီမြို့နယ်အတွင်းရှိ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းတွင် ချင်းတော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ထားပြီး မတူပီမြို့ကို သိမ်းယူနိုင်ရန် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
ကိုနိုင်ဂျွမ်ကိန်းက”ဒါက မြို့သိမ်းတိုက်ပွဲအစလို့ ပြောလို့ရပါတယ်။ သူတို့တပ်ရင်းတွေထဲကို ဝင်ရောက်နိုင်တဲ့အထိ ကျနော်တို့တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်ဖို့ရှိပါတယ်။တိုက်ပွဲတွေကတော့ ဆက်ပြီးဖြစ်မယ့် အခြေအနေပါ”ဟု ပြောသည်။
ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက တွန်းဇံ၊ ကျီခါး၊ ရိခေါဒါ၊ ဆူခွာ၊ ရေဇွာ၊ လိုင်လင်းပီ၊ မကွီအိမ်နူး၊ နှာရိန်၊ ဝေဘူလ ၊ ကျင်ဒွေးစသည့်မြို့များကို သိမ်းပိုက်ထားပြီး ပလက်ဝနှင့် ဆီမီးမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသည်။
You may also like these stories:
တွန်းဇံမြို့အထွက်၌ စစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ဖြစ်
ဖြတ်လေးဖြတ်အောက် အမှောင်ချခံထားရတဲ့ မတူပီ
မတူပီတွင် စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာကျက်နေသည့် ကလေးငယ်များ သေဆုံး
အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁
အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR