ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေ မဇင်လေဆိပ်မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ဂေါ့ကျေးရွာမှနေ၍ လေဆိပ်ဘက်သို့ အာရက္ခတပ်တော် (AA) တပ်များ တက်လာသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း သံတွဲမြို့ခံတဦးက ပြောသည်။
ငပလီကမ်းခြေဒေသရှိ ဂေါ့ကျေးရွာတဝိုက်သို့ ဇွန်လ ၃ ရက်ကစတင်ပြီး AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သံတွဲမြို့ခံတဦးက “သံတွဲလေဆိပ်မှာတော့ စစ်တပ်တွေချထားပြီး တပ်စွဲထားတယ်။ အခုပြောနေရင်း “အုန်း”ဆိုပြီး ပစ် တဲ့ အသံတွေ ကြားရတယ်။ အဲဒီဘက်တွေက သွားလို့လာလို့လည်း သိပ် မရတော့ဘူး။ အဲဒီရွာကလူတွေ မြို့ပေါ်ကို ပြေးလာသူတွေ ရှိတယ်” ဟု ပြောသည်။
AA က သံတွဲမြို့နယ်အတွင်းသို့ ဧပြီလမှစတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး ရွှေလှေကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့သလို ထိုးစစ်သည် သံတွဲမြို့ဘက်သို့ ပင်လယ်ကမ်းခြေတလျှောက် ဆက်လက်ချဉ်းကပ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၃ရက်က ဂေါ့ကျေးရွာကို ဗုံးကြဲရာ Jasamine Ngapali Resort နှင့် ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးခဲ့ရကြောင်း ဒေသတွင်းအခြေစိုက် ဒွာရာဝတီသတင်းက ဆိုသည်။
ဇွန်လ ၄ ရက်ညပိုင်းကလည်း မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာအား စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့သည့်အတွက် အရပ်သားသေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ကြောင်းသိရသည်။
ယနေ့ နံနက်ပိုင်း ဆင်ခေါင်းရွာသို့ သွားရောက်ခဲ့သူတဦးက လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၅၀မှ ၁၀၀ အကြား ရှိနိုင်ပြီး အဓိကအားဖြင့် ကျေးရွာရှိ ဆလီကုန်းအပိုင်း၊ မော်ဖျားအပိုင်းနှင့် ရခိုင်စုဘက်တို့တွင် ပျက်စီးမှု များပြားကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြသည်။
ဆင်ခေါင်းရွာတိုက်ခိုက်ခံရမှုတွင် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေအား ဧရာဝတီအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
လက်ရှိဖြစ်ပွားနေသည့် ငပလီကမ်းခြေဒေသတိုက်ပွဲများကြောင့် စစ်တပ်က သံတွဲလေဆိပ်အား ပိတ်ထားပြီး ဒေသတွင်း အရပ်သားပြည်သူများလည်း စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။
You may also like these stories:
ငပလီလေဆိပ်နှင့် ၁ မိုင်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်
သံတွဲ ဆင်ခေါင်းငါးဖမ်းဇုန် ဗုံးကြဲခံရမှု သေဆုံးသူများပြား
သံတွဲဒေသခံတို့ စစ်ရှောင်မည့်လမ်းများ စစ်ကောင်စီ ပိတ်ထား
သံတွဲမြို့ခံတို့ စစ်ရှောင်ရန် ပြင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR